ပဲလေ့စ်နဲ့ ပွဲအပြီး မန်စီးတီးနဲ့ မရင်ဆိုင်ခင် ချဲလ်ဆီး အသင်းသားတွေထံ မက်ဆေ့ခ်ျ ပေးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ် ရှိနေတဲ့ လန်ဒန်မြို့ခံ ပြိုင်ဖက် ခရစ်စတယ် ပဲလေ့စ် အသင်းကို ဒုတိယပိုင်းမှ သွင်းဂိုးတွေနဲ့ အတူ ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

ဒီပွဲရဲ့ ပထမပိုင်းမှာ ခြင်္သေ့ပြာတို့ဟာ တပွဲလုံး ဘောလုံး ပိုင်ဆိုင်မှု တဖက်သတ်နဲ့ ကစားခဲ့ပေမယ့် ၊ ဂိုးပေါက် တကြိမ်ပဲ ခြိမ်းခြောက်နိုင်ခဲ့ပြီး ၊ ဂျက်ဖာဆန် လာမားရဲ့ ပင်နယ်တီ ဧရိယာ ပြင်ပမှ သွင်းဂိုးကိုပါ ခွင့်ပြုခဲ့ရပါတယ် ။

ဒုတိယပိုင်းမှာတော့ နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာ တောင်ပံကစားသမား နွန်နီ မက်ဒူးကီ အစား နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူနဲ့ လူစားလဲပြီး ၊ တိုက်စစ် နည်းစနစ် အပြောင်းအလဲ အနည်းငယ် လုပ်ခဲ့တာကြောင့် ပွဲပြန်စစချင်း ကော်နာ ဂေါ်လဂါထံကနေ ချေပဂိုး စောစောစီးစီး ရခဲ့ပါတယ် ။

အဲဒီနောက် ဦးဆောင်ဂိုး ထပ်ရဖို့ ကြိုးစားခဲ့ပေမယ့် ၊ အဆုံးသတ် မသေချာမှုတွေ ၊ အပိုင် အခွင့်အရေး မဖန်တီးနိုင်မှုတွေကြောင့် နာကျင်အချိန်ပို ရောက်ထဲအထိ စောင့်ခဲ့ရကာ ၊ ဂေါ်လဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့က ၂မိနစ် အတွင်း ရှေ့ဆင့်နောက်ဆင့် အနိုင်ဂိုး ကိုယ်စီ သွင်းယူပေးခဲ့လို့ ၊ ချဲလ်ဆီးတို့ ပဲလေ့စ်ကို ၁၃ပွဲဆက် အနိုင်ရသွားပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ကာ ” ပွဲပြီးခါနီးမှ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ၊ ဒီနိုင်ပွဲနဲ့ ကျွန်တော်တို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ် ။ ပထမပိုင်း ခြေစွမ်းနဲ့ဆိုရင်တော့ မထိုက်တန်ခဲ့ဘူးပေါ့ဗျာ ။ ပထမပိုင်းကို ကျွန်တော်တို့ အရမ်း စိတ်ပျက်ခဲ့မိပါတယ် ။ ”

” အဲဒီ စွမ်းဆောင်ရည်က ကြည့်မကောင်းခဲ့ပါဘူး ။ ကျွန်တော်တို့ အရမ်း နှေးလွန်းခဲ့ပါတယ် ။ ပထမပိုင်း ခြေစွမ်းကို အားမရခဲ့ကြပေမယ့် ဒုတိယပိုင်းကိုတော့ ကျွန်တော်တို့ဟာ ပွဲစကတည်းက ဖြစ်သင့်တဲ့ ခြေစွမ်းမျိုးနဲ့ ပြန်လည် စတင်နိုင်ခဲ့ပါတယ် ။ အဆုံးမှာတော့ ကျွန်တော်တို့ ဒီနိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ လာမယ့် စနေနေ့ အီတီဟတ်ကွင်းမှာ လက်ရှိ ချန်ပီယံ မန်စီးတီးနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိသလို ၊ ဒါပြီးတာနဲ့ ဝင်ဘလေမှာ လီဗာပူးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုရဖို့ ရှိပါတယ် ။ ဒီ၂ပွဲမတိုင်ခင် ပိုချက်တီနိုက ချဲလ်ဆီး အသင်းသားတွေထံ အခုလိုပဲ မက်ဆေ့ခ်ျ ပေးလာပါတယ် ။

ပိုချက်တီနို က ” ဒါမှန်ပါတယ် ။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုတဲ့ တည်ငြိမ်မှု မရှိနေတဲ့ ပြဿနာပါပဲ ။ ကျွန်တော်တို့ဟာ ဒီထက် ခြေစွမ်းကို တသမတ်တည်း ထိန်းနိုင်ဖို့ လိုပါတယ် ။ ပွဲကို မတူညီတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ စတင်နိုင်ဖို့ လိုပါတယ် ။ ”

” ဗီလာနဲ့ ပွဲကလို ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို ဆက်ပြီး ထိန်းနိုင်ဖို့ ကြိုးစားရပါမယ် ။ ဟုတ်ပါတယ် ။ ဒါက မလွယ်တဲ့ စိန်ခေါ်မှု တရပ်ပါ ။ ဒါပေမယ့် ဒီနေ့ ပွဲအပြီး ရလဒ်ကိုတော့ ကျွန်တော်တို့ အရမ်း ကျေနပ်ခဲ့ရပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ၃မှတ် လိုအပ်ခဲ့လို့ပါ ။ ”

” ခုတော့ နောက်အပတ် မန်စီးတီးနဲ့ ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ် ။ ဒါဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲမတိုင်မီ ကျွန်တော်တို့ အတွက် စမ်းသပ်မှုကောင်း တခု ဖြစ်လာမှာပါ ။ ဒီအတွက် ကျွန်တော်တို့ တကယ် မှန်ကန်ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ် ပြင်ဆင်သွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR