ယနေ့ည ချဲလ်ဆီး – ဘုန်းမောက် ပွဲကို ခန့်မှန်းသွားတဲ့ ဟယ်ရီ ရက်ဒ်နပ် ၊ ပေါလ်မာဆင်နဲ့ ခရစ် ဆပ်တန်

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ရာသီ နောက်ဆုံး အပိတ်ပွဲ အဖြစ် ယနေ့ညမှာ ဘုန်းမောက် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ ရှိပါတယ် ။ ဒီပွဲအပေါ် တော့တင်ဟမ် နည်းပြဟောင်း ဟယ်ရီရက်ဒ်နပ် ၊ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ၊ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်တို့က အခုလိုပဲ ခန့်မှန်းချက် ကိုယ်စီ ပေးခဲ့ကြပါတယ် ။

ဟယ်ရီ ရက်ဒ်နပ် ( ချဲလ်ဆီး ၂ – ၀ ဘုန်းမောက် )

” ချဲလ်ဆီး အတွက် တကယ့် အလှည့်အပြောင်း တရပ်ပါပဲ ။ တရာသီလုံး ဒီပုံစံ ဘယ်ရောက်နေလဲ ? သူတို့သာ ရာသီ အစကတည်းက ဒီပုံစံနဲ့ဆိုရင် Top 4 race ထဲ ပါနေလောက်မှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရာသီသိမ်းဖို့ နည်းလမ်းကောင်း တရပ် ဖြစ်သလို ၊ သူတို့ကို လာမယ့် နွေရာသီထဲ မျှော်လင့်ချက်တွေ ၊ အကောင်းမြင်စိတ်တွေနဲ့ ဖြတ်သန်းရစေပါလိမ့်မယ် ။

အန်ဒိုနီ အီရာအိုလာကတော့ ဒီရာသီ ဘုန်းမောက် အတွက် ကောင်းကောင်း စွမ်းဆောင်ပေးထားတယ်လို့ ထင်ပါတယ် ။ သူတို့ဟာ အသင်းကောင်း တသင်းပါ ။ သူတို့ ကစားတာကို ကြည့်ရတာ ကျွန်တော် ကြိုက်ပါတယ် ။ နောက်ရာသီ သူတို့ကို ကျွန်တော် စောင့်မျှော်ကြည့်ရှုသွားပါဦးမယ် ။

ခင်ဗျား ဘယ်တော့မှ မသိနိုင်ပါဘူး ။ ချဲလ်ဆီးက နိုင်ပြီး ၊ စပါးက ရှက်ဖီးလ် ယူနိုက်တက်ကို ရှုံးသွားခဲ့မယ်ဆိုရင် တမဟုတ်ချင်းမှာ ချဲလ်ဆီးဟာ အဆင့် ၅ နဲ့ ရာသီသိမ်းသွားမှာပါ ။ ”

ပေါလ်မာဆင် ( ချဲလ်ဆီး ၃ – ၁ ဘုန်းမောက် )

” ချဲလ်ဆီးဟာ ဘယ်လိုကနေ ဘယ်လိုမှန်းမသိပဲနဲ့ နောက်ရာသီ ယူရိုပါလိဂ်ဝင်ခွင့် ရမယ့် အနေအထားအထိ ရောက်လာပါတယ် ။ ကျွန်တော် ရှေ့ရက်သတ္တပတ် အနည်းငယ်က ပြောခဲ့သလိုပေါ့ ၊ သူတို့ရဲ့ ရလဒ်ပိုင်းကို ကြည့်ပြီး ကျွန်တော် မြောက်တက်နေမှာ မဟုတ်ပါဘူး ။

ဒီရာသီပြီးတာနဲ့ သူတို့ဟာ လက်ရှိ အစုအဖွဲ့ကို အဆင့်မြှင့်တင်နိုင်ဖို့ ၊ နောက်ရာသီ အတွက် အတွေ့အကြုံရင့် ကစားသမား တချို့ ဖြည့်တင်းဖို့ ကျွန်တော် မျှော်လင့်နေဆဲပါ ။ သူတို့ဟာ နောက်ရာသီ Top 4 သို့မဟုတ် Top 6 ဝင်ခွင့် ရဖို့ သိပ်မဝေးတော့ပါဘူး ။ ဒါပေမယ့် သူတို့ ချန်ပီယံဆုနဲ့ နီးစပ်မှု ရှိပါ့မလား ဆိုတာတော့ ကျွန်တော် သံသယ ဝင်မိပါတယ် ။

ဘုန်းမောက်ဟာ အန္တရာယ်ရှိတဲ့ အသင်း တသင်း ဖြစ်ပြီး ၊ ရာသီပိတ်ပွဲကို သေသေချာချာ ကစားလာပါလိမ့်မယ် ။ ဒါပေမယ့် ချဲလ်ဆီးဟာ ပုံစံကောင်းမှာ ရှိနေပြီး ၊ ဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ အရည်အသွေး ပိုင်ဆိုင်ထားပါတယ် ။ ”

ခရစ် ဆပ်တန် ( ချဲလ်ဆီး ၃ – ၁ ဘုန်းမောက် )

” ဘုန်းမောက်ဟာ လတ်တလောမှာ ခြေစွမ်း နည်းနည်း ကျလာပါတယ် ။ ဒါပေမယ့် ဘာတွေပဲ ဖြစ်ပါစေ ၊ သူတို့ဟာ အန်ဒိုနီ အီရာအိုလာ လက်ထက်မှာ ကြီးကျယ်တဲ့ အဖွင့်ရာသီကို ဖြတ်သန်းနိုင်ခဲ့ပါတယ် ။ ချဲလ်ဆီးဟာ နောက်ဆုံး ၄ပွဲဆက် နိုင်ထားပြီး ၊ တော့တင်ဟမ်ကို ကျော်ကာ အဆင့် ၅ နဲ့တောင် ရာသီသိမ်းနိုင်ခွင့် ရှိပါသေးတယ် ။

ဒါဆိုရင် အတော်လေး အံ့သြဖွယ်ကောင်းလာမှာပါ ။ ကျွန်တော်ကတော့ သူတို့ ဒီနိုင်ပွဲဆက် ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ထင်ပါတယ် ။ ကိုးလ်ပါလ်မာကလည်း နောက်ထပ် ဂိုးတွေ သွင်းပါလိမ့်မယ် ။ ”

SPORTS MYANMAR