ရုန်းကန်နေရတဲ့ ချဲလ်ဆီး စတားဟာ လာမယ့် ရာသီမှာ အကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းသွားတဲ့ ကလစ်ချီ

 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန် – ချဲလ်ဆီး ပရီးမီးယားလိဂ် ပွဲကျန်မှာ ချဲလ်ဆီး ကြယ်ပွင့် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ဦးခေါင်းဒဏ်ရာ ရခဲ့ပြီး ၊ မနက်ဖြန်ညမှာ ကစားမယ့် ဘုန်းမောက်နဲ့ ရာသီသိမ်း ပွဲစဉ်ကို လွဲချော်သွားပြီ ဖြစ်ပါတယ် ။

အသက် ၂၃နှစ် အရွယ်ရှိ ယင်းယူကရိန်း လက်ရွေးစင်ဟာ မနှစ်ကနဲ့ ယှဉ်လိုက်ရင်တော့ ဒီရာသ်ီမှာ အချက်အလက်ပိုင်း အရ တိုးတက်လာတာတွေ ရှိပေမယ့် ၊ ပျမ်းမျှ ခြေစွမ်းကတော့ အခုအချိန်အထိ အားရဖို့ မကောင်းနေတာကြောင့် နောက်နှစ်ရာသီမှာ ဘာတွေ ထူးခြားလာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

အာဆင်နယ်နဲ့ မန်စီးတီး နောက်ခံလူဟောင်း ဂေးလ် ကလစ်ချီကတော့ မူဒရစ် တယောက် ပရီးမီးယားလိဂ်မှာ အခြေချလာတာ တနှစ်ခွဲကြာလာတဲ့ အချိန်အထိ အသားမကျသေးတာ သူ နားလည်ပေးလို့ ရကြောင်းနဲ့ လာမယ့်ရာသီမှာ ၄င်းဟာ အကောင်းဆုံး တောင်ပံကစားသမား စာရင်းဝင် ဖြစ်လာခဲ့ရင်လည်း မအံ့သြကြောင်း အခုလိုပဲ သုံးသပ်သွားပါတယ် ။

Ladbrokes နဲ့ တွေ့ဆုံရာမှာ ကလစ်ချီ က ” မစ်ခ်ဟိုင်းလို မူဒရစ်ဟာ မနှစ်က အာဆင်နယ်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောက်လုနီးနီး ဖြစ်ခဲ့ပါတယ် ။ ရောက်ရောက်ချင်း သူ့ရဲ့ အပြေးအားနဲ့ အသင်းကို ပြောင်းလဲပစ်နိုင်လိမ့်မယ် ၊ သူ့ရဲ့ ဘောလုံး စကေး ဘယ်လောက်ထိ ကြွယ်ဝကြောင်း စသဖြင့် လူတိုင်းက ထင်ခဲ့ကြတာပါ ။”

” နောက်တော့ သူ ချဲလ်ဆီးမှာ တနှစ်ကြာ ဖြတ်သန်းပြီးတဲ့အခါ တချို့သူတွေက ‘ ဘုရားမလို့ ၊ ငါတို့ သူ့ကို မဝယ်ခဲ့တာ ကံကောင်းတယ် ‘ လို့ ထင်ကောင်းထင်ကြမှာပါ ။ ဒါက အဲဒီ ကစားသမား မစွမ်းဆောင်ပြနေဘူးလို့ ဆိုလိုတာလား ? နောက်ရာသီ သူ ပြန်လာကောင်း ပြန်လာနိုင်ပါတယ် ။ ”

” ကျွန်တော်တို့ဟာ ကွင်းပြင်ပက တခြား အရာတွေကိုလည်း စဉ်းစားပေးရပါမယ် ။ ဥပမာ – သူ့ရဲ့ မွေးရပ်မြေက အိမ်မှာ ဘာတွေ ဖြစ်နေလဲ ၊ သူ နေခဲ့တဲ့ နေရာက အခုအချိန်မှာ တကယ် ခက်ခဲတဲ့ အချိန်ကို ကျော်ဖြတ်နေရတယ် စသဖြင့်ပေါ့ ။ တခါတလေမှာ ကျွန်တော်တို့ ဒီလို အရာမျိုးတွေ မေ့လျော့တတ်ကြပြီး ၊ သူ ကွင်းတွင်းမှာ လုပ်နေတဲ့ အရာ အပေါ်ပဲ အာရုံစိုက်တတ်ကြပါတယ် ။ ”

” ဥပမာ ပြောရရင် ကျွန်တော့သား ကျောင်းမှာ လက်ထိရှခဲ့တယ်ဆိုရင် ကျွန်တော် အဲဒီ တနေ့လယ်လုံး စိတ်ထဲမကောင်း ဖြစ်နေမှာပါ ။ ဒီတော့ ဒီချာတိတ်တွေဆို ဘယ်လောက်တောင် ပြင်ပ အခက်အခဲတွေ ရင်ဆိုင်ရမလဲ ဆိုတာ ကျွန်တော် တွေးတောင်မနိုင်ပါဘူး ။ ကျွန်တော် ပြောနေတာ ယူကရိန်းက လူတွေ အကြောင်းပါ ။ ”

” အာဆင်နယ်က အိုလက်ခ်ဇန်ဒါ ဇင်ချန်ကိုဆိုလည်း ဒီလို အခြေအနေမျိုး ရှိနေနိုင်တာပါပဲ ။ သူဟာ အာဆင်နယ်ကို စရောက်ရောက်ချင်း အတော်လေး အရေးပါခဲ့ပြီး ၊ တမဟုတ်ချင်းမှာပဲ လူတွေက သူ့ကို ဖယ်ထုတ်ဖို့ ပြောလာကြပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေ မစွမ်းဆောင်ပေးနိုင်တော့လို့ပါ ။ ”

” ဘောလုံးဟာ ဒီလို တခါတလေ လုပ်တတ်တဲ့ စက်တခုလိုပါပဲ ။ ကျွန်တော်တို့ဟာ ဘောလုံး ပြင်ပမှာ ဘဝတွေ ရှိတယ် ဆိုတာ မေ့တတ်ကြပါတယ် ။ လာမယ့် ရာသီမှာ မူဒရစ်ဟာ အကောင်းဆုံး ပရီးမီးယားလိဂ် တောင်ပံကစားသမား အဖြစ် အသွင် ပြောင်းသွားမယ်ဆိုရင် ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ သူ့မှာ တောင်ပံကစားသမား တယောက်ဆီက ခင်ဗျား လိုချင်တဲ့ အရည်အသွေး အားလုံး ပိုင်ဆိုင်ထားလို့ပါ ။ ”

” ဒါဆို သူ ဘာလို့ မစွမ်းဆောင်ပြနေတာလဲ ? သူ့အသင်းကိုက မစွမ်းဆောင်နေတာပါ ။ နောက်ပြီး သူ့ကိုယ်သူ မခံစားရသေးတာလည်း ဖြစ်နိုင်ပါတယ် ။ နောက်ရာသီမှာ ဒါက ပြောင်းလဲကောင်း ပြောင်းလဲလာပါလိမ့်မယ် ။ ဇင်ချန်ကိုဆိုလည်း နောက်ရာသီ ပိုကောင်းလာပါလိမ့်မယ် ။ ဒါတွေကို ကျွန်တော်တို့ မသိနိုင်ပါဘူး ။ ”

” လူတွေ ဘဝမှာ ဘယ်လို ဖြတ်သန်းနေလဲ ကျွန်တော် မသိကြပါဘူး ။ ဒါကို ခင်ဗျား သဘောပေါက်ဖို့ လိုပါတယ် ။ ကျွန်တော်တို့မှာ မြန်ဆန်တဲ့ အတွေးအမြင် ကိုယ်စီ ရှိကြပါတယ် ။ အထောက်အထား အားလုံး ကိုယ့်ရှေ့မှာ မရှိပဲနဲ့ ဘယ်အရာမဆို ကောက်ချက်ဆွဲတာက အရမ်း လွယ်လွန်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR