ပိုကြည့်ကောင်းလာတဲ့ ပရီးမီးယား ၊ ပြိုင်တူသရေကျတဲ့ လာလီဂါ ၊ ပန်းပန်နေဆဲ အင်တာ တို့နဲ့ . . . နောက်ဆုံးရ အားကစား သတင်းများ

 

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ အဆင့် ၁ က လီဗာပူး အသင်းဟာ အဝေးကွင်းမှာ အာဆင်နယ် အသင်းကို ၃-၁ နဲ့ ရှုံးနိမ့်သွားခဲ့တာကြောင့် အာဆင်နယ် ၊ မန်စီးတီးတို့နဲ့ အမှတ်ကွာဟမှု ပိုမို ကျဉ်းမြောင်းလာခဲ့ပါတယ် ။ အာဆင်နယ် အတွက် ဆာကာ ၊ မာတင်နယ်လီ နဲ့ ထရိုဆတ် တို့က ၁ ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ် ။

 

မန်ယူနိုက်တက် ကလည်း အိမ်ကွင်းမှာ ဝက်ဟမ်း အသင်းကို ၃-၀ နဲ့ အနိုင် ရခဲ့ပြီး တိုက်စစ်မှူး ဟွိုင်လန်း နဲ့ တောင်ပံ ကစားသမား ဂါနာချို တို့က ဂိုးတွေ သွင်းပေးခဲ့ကြပါတယ် ။ ချဲလ်ဆီး ကတော့ ရလဒ်တွေ ဆက်လက် ဆိုးရွားနေပြီး ဝုဗ် အသင်းကို ၄-၂ နဲ့အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့ပါတယ် ။

စပိန် လာလီဂါ မှာတော့ ဒီတပတ်မှာ ဦးဆောင်သူတွေ ကိုယ်စီ အမှတ်လျော့ခဲ့ကြပါတယ် ။ ဂီရိုနာ အသင်းဟာ ရီးရဲ ဆိုဆီဒက် အသင်းနဲ့ သရေကျခဲ့သလို ရီးရဲမက်ဒရစ် ကလည်း အက်သလက်တိကို မက်ဒရစ် အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တာကြောင့် အမှတ်ပေးဇယား အနေအထား မပြောင်းလဲဘဲ ဆက်ရှိနေခဲ့ကြပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ အင်တာမီလန် အသင်းဟာ အဆင့် ၂ နေရာက ယူဗင်တပ် အသင်းကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားပြီး အမှတ်ကွာဟမှု ကို ပိုမို ကြီးမားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ လက်ရှိမှာ အင်တာ က ၁ ပွဲလျော့ ၄ မှတ်အသာနဲ့ ဦးဆောင်နေပြီး ၇ မှတ်အထိ ကွာဟသွားနိုင်ချေ ရှိနေပါတယ် ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ အဖွင့် ပွဲစဉ် နဲ့ နောက်ဆုံး ဗိုလ်လုပွဲ ပွဲစဉ်တွေ အတွက် ရက်စွဲတွေကို မနေ့က ထုတ်ပြန် ကြေညာသွားခဲ့ပါတယ် ။ အဖွင့်ပွဲစဉ်တွေကို အိမ်ရှင် ၃ နိုင်ငံဖြစ်ကြတဲ့ မက္ကဆီကို ၊ ကနေဒါ နဲ့ အမေရိကန် တို့မှာ ၂၀၂၆ ခုနှစ် ဇွန်လ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ပြုလုပ် ကျင်းပသွားမှာ ဖြစ်ပြီး ဗိုလ်လုပွဲ ကိုတော့ အမေရိကန် နိုင်ငံ နယူးယောက်မြို့မှာ ဇူလိုင်လ ၁၉ ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR