အာဆင်နယ် အသင်း ရဲ့ ‌အောင်ပွဲခံပုံ အပေါ် ဝေဖန် နေကြတာနဲ့ ပတ်သက်ပြီး ထိထိမိမိ တုန့်ပြန်လိုက်တဲ့ အီယန်ရိုက်

 

လီဗာပူး အသင်းကို သုံးဂိုး တစ်ဂိုး နဲ့ အနိုင် ရခဲ့တဲ့ ပွဲအပြီး အာဆင်နယ် အသင်း ရဲ့ အောင်ပွဲခံပုံ အပေါ် ဝေဖန် ထိုးနှက် နေကြတဲ့ ဘောလုံးသမားဟောင်းတွေနှင့် ပရိသတ်တွေကို ဂန်းနား ဂန္တဝင် တိုက်စစ်မှူး အီယန်ရိုက် က ပြင်းပြင်းထန်ထန် တုန့်ပြန် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ အမှတ်ပေး ဇယား ထိပ်ဆုံးက လီဗာပူး အသင်းကို အနိုင်ယူ နိုင်ခဲ့တာကြောင့် ချန်ပီယံ ပြိုင်ပွဲထဲ ပြန်လည် ရောက်ရှိ လာခဲ့ပါတယ် ။ ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ အာဆင်နယ် အသင်းဟာ အကြီးအကျယ် အောင်ပွဲ ခံခဲ့ကြသလို ကပ္ပတိန် အော်ဒီဂတ်လည်း အသင်း ရဲ့ ဓါတ်ပုံဆရာ စတူးအပ်ကိုပါ ဓါတ်ပုံ ရိုက်ပေးပြီး အောင်ပွဲ ခံခဲ့ပါတယ် ။

ဒါပေမဲ့ တစ်ဖက်မှာလည်း အာဆင်နယ် အသင်း ရဲ့အောင်ပွဲခံပုံဟာ လိုအပ်တာထက် ပိုလွန်းနေပြီး ချန်ပီယံဆု ရသွားသလိုကို အောင်ပွဲ ခံနေကြတာ ဖြစ်တယ်လို့ ကာရေဂါ ၊ ဖာဒီနန် နှင့် ဂယ်ရီနဗီးလ် တို့က ဝေဖန် ခဲ့ကြပါတယ် ။ အီယန်ရိုက် ကတော့ ဝေဖန်သူတွေ အားလုံးကို သူ့ရဲ့ တွစ်တာ အကောင့်ကနေ တစ်ဆင့် ပြန်လည် တုန့်ပြန် ပြောကြား သွားခဲ့ပြီး အောင်ပွဲ ခံစရာ ရှိတာ ဆက်ခံကြဖို့ ပရိသတ်တွေကို တိုက်တွန်း သွားခဲ့ပါတယ် ။

” နည်းပြ အာတီတာ အပေါ် အဆိုးမြင်တာတွေ များလှချည်လားဟ ၊ သူ့ အသင်း အနိုင်ရတာကို သူ အောင်ပွဲ မခံလို့ ဘာလုပ်ရမှာတုန်း ၊ မန်စီးတီး နှင့် လီဗာပူး တို့လို အင်အားကြီး အသင်းတွေကို အနိုင်ရရင် ခင်ဗျားတို့လည်း အောင်ပွံ ခံမှာပဲလေ ၊ သူ အောင်ပွဲခံတာ ဘာများမှားနေလို့လဲ ၊ နောက်ပြီး အော်ဒီဂတ် က စတူးအပ် မက်မာလိန်း နဲ့ အတူ North Bank မှာ ဓါတ်ပုံ ရိုက်နေတဲ့ အကြောင်းကိုလည်း လာပြောနေတယ် ။ စတူးအပ်က အာဆင်နယ် ကို ငါးနှစ်သား အရွယ်ကတည်းက အားပေးလာခဲ့တဲ့ အမာခံ ပရိသတ်တစ်ဦးလေ ၊ သူ့အတွက် အမှတ်တရ တစ်ခု ကျန်ရစ်နေအောင် ကပ္ပတိန်က လုပ်ပေးတာလေ ၊ သူ ဘာမှားနေလို့လဲ ။ ”

” လီဗာပူး အသင်းကို အနိုင်ရလို့ သူတို့ ပျော်နေကြတာလေ ၊ အပျော်တွေကို မသတ်ကြပါနဲ့ဗျာ ၊ ရာသီကုန်ဖို့ကလည်း လိုပါသေးတယ် ၊ သူတို့ ပြောနေပုံက ဘယ်အသင်းကို နိုင်နိုင် အောင်ပွဲခံလို့ မရတော့မယ့်ပုံပါပဲ ။ အင်္ဂလန် အသင်း ကမ္ဘာ့ဖလား နှင့် ယူရို ပွဲတွေမှာ ခြေစွမ်းကောင်း ရလဒ်ကောင်းနေရင် အားလုံး ခုန်ပေါက် ပျော်မြူး ကြတာပဲလေ ။ အာဆင်နယ် လည်း အတူတူပါပဲ ၊ သူတို့ရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးချင်ကြစမ်းပါနဲ့ဗျာ ၊ သူတို့ လုပ်နေတဲ့ အရာတွေကို ဆက်လုပ်ပါစေဗျာ ၊ ဘာပဲ ဖြစ်ဖြစ်ပေါ့ ၊ အပျော်တွေကိုတော့ မသတ်ကြပါနဲ့ ။ ”

” မန်နေဂျာကြီး ကလည်း အသင်း ချစ်စိတ် အပြည့်နဲ့ အောင်ပွဲ ခံတာလေ ၊ လူတွေက ကျနော်တို့ ဒီပွဲ ရှူံးပြီး ချန်ပီယံဆုကို လက်လွတ်ရဖို့ မျှော်လင့်ထားကြတာပါ ၊ ကျနော်တို့ အဲ့ဒီ အရာအပြင် ဒဏ်ရာ ပြဿနာတွေ နှင့် တခြားအရာ အားလုံးတွေကို ကျော်လွှား ခဲ့ရတာပါ ၊ ကျနော်တို့ အသင်း အပေါ် မနာလို မုန်းတီးစိတ်က ပြင်းထန် လွန်းလှပါတယ်ဗျာ ။ ”

” ကျနော်တို့ ဘာသာ ကျနော်တို့ အေးဆေး ပျော်ပါရစေဗျာ ၊ အာဆင်နယ် ပရိသတ်တွေရေ ဒီအခိုက်အတန့်ကို ပျော်ပျော်ကြီး ခံစားကြစမ်းပါဗျာ ၊ အမှတ်ပေး ဇယား ထိပ်ဆုံးက လီဗာပူး ကို နိုင်လို့ ဖြစ်တဲ့ အပျော်ပဲလေ ။ ”

SM