‘ ဒါက တင်းနစ် မဟုတ်ပါဘူး ‘ – တရာသီလုံး ခြေစွမ်း ထူးထူးခြားခြား မတိုးတက်လာတဲ့ ချဲလ်ဆီး စတား တဦးကို သတိပေးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ဒီရာသီမှာ ရလဒ်ပိုင်း အရ သိသာတဲ့ တိုးတက်မှု မရှိထားပေမယ့် ၊ အသင်းလိုက် ခြေစွမ်းနဲ့ ကစားသမား တချို့ရဲ့ တဦးချင်း ခြေစွမ်းကတော့ အတိုင်းအတာ တရပ် အထိ တိုးတက်လာတာကို တွေ့ရပါတယ် ။ ဒုံးရင်းက ဒုံးရင်း ဖြစ်နေသေးတဲ့ ကစားသမားတွေလည်း ကျန်နေသေးပြီး ထိုအထဲမှာ တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်လည်း တဦး အပါအဝင် ဖြစ်ပါတယ် ။

ယင်းယူကရိန်းသားဟာ ဒီရာသီအတွင်း ပွဲအနည်းငယ်မှာ တောက်ပတဲ့ ခြေစွမ်းလေးတွေ တစတစ ပြသနိုင်ခဲ့ပေမယ့် ၊ ကစားခွင့် အများစုမှာတော့ အသင်းဖော်တွေနဲ့ အချိတ်အဆက်မိမိ ကစားဖို့ထက် ပြိုင်ဖက် ခံစစ်ကို တကိုယ်တော် ကျော်ပြေးဖို့လောက်ပဲ ကြိုးစားနေခဲ့တာကို တွေ့ရပါတယ် ။

ကြားရက်က လီဗာပူးကို ၄ – ၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာဆို မူဒရစ်ဟာ ဒုတိယ တပိုင်းလုံး လူစားဝင် ကစားခဲ့ရပေမယ့် ၊ ပြိုင်ဖက်ကို ခံစစ်ကို တစိုးတစိမှ တုန်လှုပ်သွားအောင် မလုပ်နိုင်ခဲ့သလို ၊ ဘောလုံး ပေးပို့ပုံတွေ ၊ ထိန်းသိမ်းပုံတွေက အစ အမှားမှား အယွင်းယွင်း ဖြစ်ခဲ့ပါတယ် ။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ မူဒရစ် အနေနဲ့ ဘောလုံးဟာ တင်းနစ် မဟုတ်ကြောင်း ပြောရင်း ၊ တကိုယ်တော် ထိုးဖောက်မှုတွေ လျှော့ဖို့နဲ့ အသင်းလိုက် ကစားဟန်မှာ ပိုမို အချိတ်အဆက်မိမိ လိုက်ပါဖို့ သတိပေးစကား ဆိုသွားပါတယ် ။

ပိုချက်တီနို က ” သူဟာ မစ်ဒယ်ဘရော့နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပါတယ် ။ ဒါဟာ ဒီရာသီ ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ပွဲတပွဲ ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ။ ခုတော့ သူဟာ အရန်ခုံပေါ် ရောက်နေပါတယ် ။ ဒီမှာ ကြည့်ပါ ။ ဒါက ဘောလုံးရာသီ အတွင်း စွမ်ဆောင်ရည်အပေါ်ပဲ မူတည်ပါတယ် ။ ”

” ခင်ဗျားသာ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းနိုင်ရင် ထရိန်နင်မှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ပါလိမ့်မယ် ။ နည်းပြ အဖွဲ့ဝင် တဦး အနေနဲ့ ကျွန်တော်တို့ဟာ ကစားသမားတွေကို စွမ်းဆောင်ရည် အပေါ် မူတည်ပြီးပဲ ပွဲကစားခွင့် ပေးရတာပါ ။ ”

” ကျွန်တော်တို့ဟာ ကွင်းတွင်း အကောင်းဆုံး စွမ်းဆောင်ပေးမယ့် ကစားသမားတွေကိုပဲ သုံးပါလိမ့်မယ် ။ သူဟာ လွန်ခဲ့တဲ့ တနှစ်က ဒီကို ရောက်လာတဲ့ လူငယ် ကြယ်ပွင့် တဦးပါ ။ အပြောင်းအရွှေ့ ကိစ္စမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို ကျွန်တော်တို့ သိပါတယ် ။ ”

” ဟုတ်ပါတယ် ။ သူ တိုးတက်ဖို့ လိုပါတယ် ။ သူ့မှာ အံ့သြဖွယ် အရည်အသွေးနဲ့ အလားအလာတွေ ရှိပါတယ် ။ ဒါပေမယ့် ဘောလုံးဟာ အသင်းလိုက် အားကစားနည်းပါ ။ ဒါက တင်းနစ် မဟုတ်ပါဘူး ။ ကျွန်တော်တို့မှာ အဖွဲ့လိုက် စွမ်းဆောင်ပေးမယ့် ကစားသမားတွေ ရှိပါတယ် ။ ”

” ခင်ဗျား သူ့ကို မြင်ရင် ဒါက အံ့သြဖွယ်ကောင်းမှန်း သိပေမယ့် ၊ ခင်ဗျားဟာ အသင်းလိုက် ကစားဟန်မှာ လိုက်လျောညီထွေ ဖြစ်ဖို့ ကစားပေးနိုင်ဖို့ လိုပါသေးတယ် ။ သူ အံဝင်အောင် ကစားနိုင်ဖို့ လိုပါတယ် ။ ဒီအတွက် လိုအပ်တာက အချိန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR