ခြေစွမ်း ကျနေရင်တောင် အရန်ခုံ ပို့လို့ မရတဲ့ ချဲလ်ဆီး စတား ၂ဦးရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ပေါလ်မာဆင်

ချဲလ်ဆီး အသင်းဟာ ကြားရက်က ပရီးမီးယားလိဂ်ပွဲမှာ လီဗာပူး အသင်းကို ၄ – ၁ ရလဒ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပြီးနောက် ၊ ယနေ့ညမှာ ဝုလ်ဗ် အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံ ကစားသွားဖို့ ရှိပါတယ် ။

ဒီပွဲမှာတော့ ချဲလ်ဆီးဟာ ရှေ့ပွဲက လူပိုစုံလာဖို့ ရှိပေမယ့် ၊ ပုံမှန် သုံးနေကျ ပွဲထွက် ကစားသမား အများစုကိုပဲ ဆက်လက် အသုံးပြုလာဖို့ များပါတယ် ။ အထူးသဖြင့် ကွင်းလယ်က အန်ဇို – ကိုင်စီဒို အတွဲကိုတော့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တယောက် ဘယ်လိုမှ ချန်လှပ်ဖို့ မဖြစ်နိုင်ပါဘူး ။

ယင်းတောင်အမေရိက ကွင်းလယ်အတွဲဟာ လီဗာပူးနဲ့ ပွဲမှာ အတွဲညီညီ ခြေစွမ်းပြသဖို့ အထူး ရုန်းကန်ခဲ့ရပြီး ၊ ယနေ့ညပွဲမှာ အနိုင်ပြန်ရဖို့ အတွက်ဆို ၄င်းတို့ထံမှ ပံ့ပိုးမှုကောင်းတွေ ၊ တည်ငြိမ်တဲ့ ခြေစွမ်းတွေ လိုအပ်မှာ သေချာပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ပေါင်သန်း ၂၀၀ တန် ယင်းကွင်းလယ်အတွဲဟာ တန်ကြေးကြောင့် ပွဲထွက်စာရင်းက ဖယ်ရှားဖို့ မဖြစ်နိုင်ကြောင်း ဆိုရင်း ၊ နွေရာသီကမှ ဘရိုက်တန်ကနေ ပြောင်းလာတဲ့ ကိုင်စီဒိုဟာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဘယ်လိုမှ မထိုက်တန်ကြောင်း ဝေဖန်သွားပါတယ် ။

Sportskeeda နဲ့ တွေ့ဆုံရာမှာ မာဆင် က ” ချဲလ်ဆီးဟာ လီဗာပူးနဲ့ ပွဲမှာ ခြေစွမ်းက အတော် ဆိုးရွားခဲ့ပြီး ၊ ၄ – ၁ ရလဒ်နဲ့ ထိုက်ထိုက်တန်တန် အရေးနိမ့်ခဲ့ပါတယ် ။ သူတို့ဟာ တပွဲလုံး တောင်ရောက်မြောက်ရောက် ဖြစ်ခဲ့ပြီး ၊ အန်းဖီးလ်မှာ တိုက်စစ်မှူး တယောက်မှ မပါပဲ ကစားခဲ့ပါတယ် ။ ”

” ကွင်းလယ်မှာဆို အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒို အတွက် ၂ယောက်ပေါင်းကို ယူရို ၂၂၅သန်း ကုန်ကျခဲ့ရပါတယ် ။ ဒီတော့ သူတို့ ခြေစွမ်းကျနေရင်တောင် ဘယ်သူက ဒီထဲက တယောက်ကို ချန်ပစ်ဖို့ ဘယ်လို ဖြစ်နိုင်မှာလဲ ? ”

” ကိုင်စီဒိုဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ဘရိုက်တန်က ယူရို ၄သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပါတယ် ။ အခုတော့ သူဟာ ရုတ်တရက်ဆိုသလိုပဲ ပရီးမီးယားလိဂ်ရဲ့ ကြေးအကြီးဆုံး ကစားသမား ဖြစ်လာတယ်ပေါ့ ? ခင်ဗျားဟာ ၂နှစ် ၊ ၃နှစ် အတွင်း ဒီလောက် တန်ကြေး ပေးရလောက်တဲ့အထိ မတိုးတက်နိုင်ပါဘူး ။ ဒါက မဖြစ်နိုင်တာပါ ။ ”

” ခင်ဗျားဟာ ကိုင်စီဒိုကို ကြည့်ပြီး ဒက်ကလန်ရိုက်စ်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဒါက မြေဖြူခဲနဲ့ ချိစ်တုံးလိုပါပဲ ။ ဒီလောက် တန်ကြေး အတွက် ခင်ဗျားဟာ သူ တယောက်တည်းနဲ့ ပွဲရလဒ်ကို ဆုပ်ကိုင်ပြရမှာ ဖြစ်သလို ၊ သူ့ရဲ့ ကွင်းတွင်း ခြေစွမ်းကို သိသိသာသာ ခံစားမိရမှာ ဖြစ်ပါတယ် ။ ”

” ချဲလ်ဆီးမှာ သူ အဲလိုမျိုး အကြိမ်ရေအများကြီး လုပ်ပြထားတယ်လို့ ကျွန်တော် မမှတ်မိပါဘူး ။ ခြင်္သေ့ပြာ ကွင်းလယ်ဟာ လီဗာပူးနဲ့ အတွေ့မှာ လုံးဝ ဆွဲဖြဲခံခဲ့ရတာပါ ။ ဒါက ရှက်ဖို့ကောင်းပါတယ် ။ ဒီလောက်တော့ အနည်းဆုံး ပြောရပါမယ် ။ ”

” ဒီလို ပြောပေမယ့် ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ တလ အတွင်း အိမ်ကွင်း ရလဒ်ပိုင်း တိုးတက်လာပါတယ် ။ ဒီတော့ ဝုလ်ဗ်နဲ့ ပွဲကိုတော့ သူတို့ ၂ – ၁ နဲ့ နိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR