ဘရိုဂျာကို ဖူလ်ဟမ်သို့ ဘာကြောင့် အငှားချခဲ့လဲ ဆိုတာ ရှင်းပြရင်း ၊ ဒဏ်ရာက ပြန်လာတာ မကြာသေးတဲ့ ချဲလ်ဆီး စတား တဦးနဲ့ ပတ်သက်ကာ မေတ္တာရပ်ခံသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ဇန်နဝါရီ အပြောင်းအရွှေ့ စျေးကွက် နောက်ဆုံးနေ့မှာ ကစားသမား ၂ဦးကို ၆လ အငှား ပို့ခဲ့ရာ ၊ ထိုအထဲမှာ အယ်ဘေးနီးယား လက်ရွေးစင် တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာလည်း တဦး အပါအဝင် ဖြစ်ပါတယ် ။ ဘရိုဂျာဟာ လန်ဒန်မြို့ခံကလပ် ဖူလ်ဟမ်သို့ အငှားပြောင်းရွှေ့ကြေး ပေါင် ၄သန်းနဲ့ ၆လ အငှား ပြောင်းခဲ့တာ ဖြစ်ပါတယ် ။

တဖက်မှာ အခြားသော တိုက်စစ်မှူး တဦး ဖြစ်တဲ့ နီကိုးလက်စ် ဂျက်ဆင်ဟာ အာဖရိကဖလား ၁၆သင်း ရှုံးထွက်အဆင့်က ပြုတ်ခဲ့တဲ့ ဆီနီဂေါ လက်ရွေးစင် အသင်းကနေ ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ရာ ၊ မနက်ဖြန်ည ဝုလ်ဗ်နဲ့ ပွဲမှာ လူစားဝင် မိနစ် တချို့ ရရှိဖို့ မျှော်မှန်းရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ဘရိုဂျာကို ဘာကြောင့် ဖူလ်ဟမ်သို့ အငှားချခဲ့လဲ ဆိုတာ ရှင်းပြရင်း ၊ အာဖရိကဖလားကနေ ပူပူနွေးနွေး ပြန်ရောက်လာတဲ့ ဂျက်ဆင်ရဲ့ ကြံ့ခိုင်မှု အခြေအနေ အကြောင်းလည်း အခုလို အသိပေးခဲ့ပါတယ် ။

ပိုချက်တီနို က ” ဒါက သူ့အတွက် ကစားခွင့်တွေ ပိုရကောင်းရစေဖို့ အခွင့်အလမ်းကောင်း တရပ် ဖြစ်ပါတယ် ။ သူ ပိုပြီး ကစားရဖို့ ရတဲ့ အခွင့်အရေးတွေ ပိုမိုဆုပ်ကိုင်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ လက်ရှိမှာ ခရစ်တော့ဖ် ကြံ့ခိုင်မှု အပြည့် ရလာဖို့က အရေးကြီးပါတယ် ။ ဒီနေ့တော့ နီကို ဂျက်ဆင် ပြန်ရောက်လာပါပြီ ။ ”

” နောက်ပြီး တခါတလေ ကျွန်တော်တို့ မေ့နေကြတာက ဒေးဗစ် ဝါရှင်တန်လည်း ဒီမှာ ရှိနေပါတယ် ။ ကျွန်တော်တို့မှာ တိုက်စစ်အတွက် ရွေးချယ်မှု လုံလုံလောက်လောက် ရှိနေပြီးသားပါ ။ နီကိုရဲ့ ကြံ့ခိုင်မှု အခြေအနေကိုတော့ ကျွန်တော်တို့ စစ်ဆေးဖို့ လိုပါသေးတယ် ။ ဒီနေ့တော့ သူ ပထမဆုံး အကြိမ် ထရိန်နင် ပြန်ဆင်းနေပါပြီ ။ ”

” အာဖရိကဖလားမှာ သူ အများကြီး မကစားခဲ့ရပေမယ့် ၊ သူဟာ ကျွန်တော်တို့နဲ့ တလတာ ဝေးကွာနေခဲ့တာပါ ။ ဒါကြောင့် သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ကျွန်တော်တို့ အရဲမစွန့်ပဲ တပြန် စစ်ကြည့်ဖို့ လိုပါတယ် ။ ဒါပေမယ့် မနက်ဖြန် ဘာမှ မဖြစ်ခဲ့ရင်တော့ သူ တနင်္ဂနွေနေ့ပွဲရဲ့ ကစားသမားစာရင်းမှာ ပါဝင်လာပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဂျက်ဆင် ပြန်ရောက်လာသလို ၊ ကာလရှည် ဒဏ်ရာက ပြန်လာတဲ့ နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူဟာလည်း လီဗာပူးနဲ့ ပွဲမှာ ၄၅မိနစ်ကြာ လူစားဝင် ကစားကာ ၊ တဂိုးသွင်းနိုင်ခဲ့ပါတယ် ။ သို့ပေမယ့် ပိုချက်တီနိုကတော့ ယင်းပြင်သစ်သား မိနစ် ၉၀ အပြည့် ကစားပေးနိုင်ဖို့ ကြိုးစားရဦးမယ်လို့ ကြိုတင် မေတ္တာရပ်ခံသွားပါတယ် ။

ပိုချက်တီနို က ” သူ ပြန်ကစားနိုင်တာ မြင်ရတာကောင်းပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ရှေ့ဖြစ်နိုင်တဲ့ အရာတွေကို ကြိုတင်တွေးတောထားဖို့ လိုပါတယ် ။ ၄၅မိနစ် ကစားနိုင်ခဲ့တာ ကောင်းပါတယ် ။ ဒါပေမယ့် ပွဲအပြီးမှာလည်း ကျွန်တော်တို့ဟာ သူနဲ့ အတူ နည်းနည်းပါးပါး အလုပ်ထပ်လုပ်လိုခဲ့တာပါ ။ ”

” ဒါပေမယ့် သူ မလုပ်နိုင်ခဲ့ပါဘူး ။ ကျွန်တော်တို့ကလည်း သူ့ကို ထပ်မလေ့ကျင့်စေခဲ့ပါဘူး ။ ဘာလို့လဲဆိုတော့ ၄၅မိနစ်က သူ့အတွက် လုံလောက်ပြီးမို့ပါ ။ နောက်ပွဲကို သူ ပွဲထွက် ကစားပေးနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ် ။ ”

” ဒါတွေ အားလုံးက အခြေအနေနဲ့ အချိန်အခါတွေ ဖြစ်ပါတယ် ။ ရှေ့ပွဲက ဖြစ်ခဲ့တဲ့ အရာတိုင်းကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ် ။ သူ ပွဲတပွဲ အပြည့် မဟုတ်ရင်တောင် ၄၅မိနစ်ထက် ပိုကစားကောင်း ကစားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ။ ”

” ၆လ ၊ ၇လလောက် သူ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ကျွန်တော်တို့အဖို့ သူနဲ့ ဆက်တိုက် အလုပ်လုပ်ဖို့ လိုပါတယ် ။ ဒါက ကစားသမား တယောက် အတွက် အမြဲ ခက်ခဲပါတယ် ။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့ပွဲမှာ ဂိုးသွင်းခွင့် တကြိမ်ကနေ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီး ၊ သူ့ရဲ့ အရည်အသွေးတွေကို ထုတ်ပြခဲ့ပါတယ် ။ ”

” သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တဆင့်ပြီး တဆင့် ဂရုပြုဖို့ လိုပါတယ် ။ ကြံ့ခိုင်မှုရော ၊ ယုံကြည်မှုပါ ပြည့်ဖို့ သူ ကြိုးစားရမှာပါ ။ သူ အကောင်းဆုံး ပုံစံ ရဖို့ တကယ် ပြင်းပြင်းထန်ထန် ကြိုးစားဖို့ လိုပါတယ် ။ လက်ရှိ အသင်းအတွက် သူ့ရဲ့ ကူညီပံ့ပိုးပုံကို ဝမ်းမြောက်မိပေမယ့် ၊ သူ့ကို မျှော်မှန်းထားတဲ့ နည်းလမ်းနဲ့ တွန်းအားပေးဖို့ ကျွန်တော်တို့ ဂရုပြုဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR