လီဗာပူးနဲ့ ပွဲမှာ ချဲလ်ဆီးရဲ့ ပေါင်သန်း ၂၀၀တန် ကွင်းလယ် အတွဲ ဘာကြောင့် ရုန်းကန်ခဲ့ရလဲ ဆိုတာ သုံးသပ်လာတဲ့ ဖရန့် လီဘို့ဖ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဒီရာသီ အမြင့်ပျံသန်းနေကာ ၊ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လီဗာပူး အသင်းကို အန်းဖီးလ်မှာ ၄ – ၁ ရလဒ်နဲ့ စိတ်ပျက်ဖွယ် အရေးနိမ့်ခဲ့ရပါတယ် ။

ရလဒ်ပိုင်း အရ သာမက ခြေစွမ်းပိုင်း အရပါ ခြင်္သေ့ပြာတို့ဟာ ထိုပွဲမှာ ၂ပန်း ၊ ၃ပန်းလောက် နောက်ကျနေတာကို ရှင်းရှင်းလင်းလင်းကြီး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ် ။ ထိုပွဲကို ရှုထောင့် မျိုးစုံက ကြည့်ရင် လက်ရှိ အမှတ်ပေးဇယားက ထို၂သင်းရဲ့ ရပ်တည်မှုကို ကောင်းကောင်းကြီး မီးမောင်းထိုးပြနေပါတယ် ။

ဒီပွဲမှာ ခံစစ်က ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗားနဲ့ လက်စွမ်း အထူးတိုးတက်လာတဲ့ ဂိုးသမား ဂျော်ဂျီ ပတ်ထရိုဗစ် ၊ လူစားဝင်လာတဲ့ တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူတို့ကလွဲရင် ၊ ကျန်ကစားသမားတွေ အားလုံး တကယ့် Big Match တပွဲရဲ့ ဖိအားဒဏ်တွေကို မခံနိုင်ကြသေးဘူးဆိုတာ ဘွင်းဘွင်းကြီး ပေါ်လွင်နေပါတယ် ။

အထူးသဖြင့် ခြင်္သေ့ပြာတို့ ပေါင်သန်း ၂၀၀ကျော် ပေးကာ ခေါ်ယူထားရတဲ့ အန်ဇို ဖာနန်ဒက်ဇ် – မွိုက်ဆက်စ် ကိုင်စီဒို အတွဲဟာလည်း ထိုပွဲအတွင်း မေးခွန်းထုတ်ဖွယ်မရှိ ရုန်းကန်ခဲ့ရပြီး ၊ ၄င်းတို့ဟာ လီဗာပူးရဲ့ pressing တွေကို လျော့ကျအောင် ၊ ပွဲရဲ့ tempo ကို အတင်အချ လုပ်ပေးနိုင်စွမ်း မပြသနိုင်ခဲ့ကြပါဘူး ။

ချဲလ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘို့ဖ်က ရာသီတဝက် ကျော်လာတဲ့ အထိ ကွင်းလယ်မှာ အပြည့်အဝ အားထားမရနိုင်သေးတဲ့ ယင်းတောင်အမေရိက ကွင်းလယ်အတွဲ လီဗာပူးနဲ့ ပွဲမှာ ဘာကြောင့် အထူး ရုန်းကန်ခဲ့ရလဲ ဆိုတာ ESPN ရုပ်သံဌာနနဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ရှင်းလင်း သုံးသပ်လာပါတယ် ။

လီဘို့ဖ် က ” ဒါက ရှင်းပြရ ခက်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါဟာ ကိုင်စီဒို အတွက် အသင်းကြီး တသင်းမှာ ကစားရတဲ့ ပထမဆုံး အကြိမ် ဖြစ်လို့ပါပဲ ။ သူဟာ ငယ်ရွယ်ပြီး ၊ ဘရိုက်တန်ကနေ ပေါင်သန်း ၁၀၀ကျော်နဲ့ ပြောင်းရွှေ့လာရတာကြောင့် ၊ ကျွန်တော်သာ အမြင် မမှားဘူးဆိုရင် ခင်ဗျားမှာ ဖိအားတွေ ပိုများလာမှာ အသေအချာပါပဲ ။ ”

” ဒီတော့ သူဟာ ဖိအားဒဏ်တွေကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်သေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ် ။ ခုချိန်မှာ သူဟာ ထူးဆန်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရပြီး ၊ ဒီအခြေအနေထဲ ကျရောက်လာတာ ဖြစ်လို့ သူ့အတွက် ဖြေရှင်း ကိုင်တွယ်ရ အရမ်း ခက်ခဲနေပါတယ် ။ ”

” ဒီအတွက်ကြောင့် ဖိအားဒဏ်တွေကို ရင်ဆိုင် ဖြေရှင်းပေးမယ့် အတွေ့အကြုံရင့် ကစားသမားတွေ လိုအပ်တဲ့ အကြောင်း ကျွန်တော် အမြဲ ပြောနေရတာပါ ။ သီယာဂို ဆေးလ်ဗားဟာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ဒါတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ ပါးရည်နားရည် ရှိထားပြီးသားမို့ပါ ။ ”

” ဘတ်ဒီယာရှီးလ်နဲ့ ဒီဆာဆီလည်း ဒီဖိအားဒဏ်တွေကို မထိန်းချုပ်န်ိုင်ကြဘူး ဆိုတာ ကျွန်တော်တို့ တွေ့ရပါတယ် ။ အန်ဇိုနဲ့ ကိုင်စီဒိုတို့လည်း ထိုနည်း၄င်းပါပဲ ။ ခင်ဗျားဟာ ဒီလို အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ့် အတွေ့အကြုံရှိ ကစားသမား တစု လိုကို လိုပါတယ် ။ သူတို့က လက်ရှိ အဝတ်လဲခန်းထဲ ကြုံနေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဖြေလျော့ပေးကောင်း ပေးနိုင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR