သူသာ ဂါနာချို နေရာမှာဆိုရင် ရော်နယ်ဒို လို အောင်ပွဲခံမလားဆိုတာဖွင့်ပြောလိုက်တဲ့ ရော်နယ်ဒို နဲ့ မက်ဆီ တို့ရဲ့ သူငယ်ချင်း ဒီမားရီးယား

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သလို ရီးယဲ မက်ဒရစ် မှာ ရော်နယ်ဒို ရဲ့ အသင်းဖော် ၊ အာဂျင်တီးနား မှာ မက်ဆီ ရဲ့ အသင်းဖော်အဖြစ် ကစားခဲ့ရတဲ့ အိန်ဂျယ် ဒီမားရီးယား က ယူနိုက်တက် ကြယ်ပွင့် ဂါနာချို ကို အကြံပေးစကား ပြောခဲ့လိုက်ပါတယ် ။

ယူနိုက်တက် ကြယ်ပွင့် ဂါနာချို ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရော်နယ်ဒို နဲ့ အတူ ကစားခွင့် ရရှိသူ ဖြစ်ခဲ့သလို အာဂျင်တီးနား လက်ရွေးစင် အသင်းမှာ လီယွန်နယ် မက်ဆီ နဲ့ အတူ ရှိနေခွင့် ၊ လေ့ကျင့်ခွင့်တွေ ပိုင်ဆိုင်ရသူပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ သူ ဂိုးသွင်းပြီး အောင်ပွဲခံရာမှာတော့ ရော်နယ်ဒို ရဲ့ Siuuu နဲ့ အောင်ပွဲခံတာ များခဲ့ပါတယ် ။ ဒါနဲ့ ပတ်သက်လို့ ဒီမားရီးယား က ဂါနာချို အနေနဲ့ ရော်နယ်ဒို လို အောင််ပွဲခံတာမျိုး ၊ Copy လုပ်တာမျိုးတွေကို မလုပ်ဆောင်သင့်ကြောင်း အကြံပေးသွားခဲ့လိုက်ပါတယ် ။

” ကျွန်တော်သာ အလက်ဂျန်ဒရို ဂါနာချို ဖြစ်ခဲ့ရင် ကျွန််တော် မလုပ်ဖြစ်မယ့် တစ်ခုတည်းသောအရာက ရော်နယ်ဒို လို အောင်ပွဲခံတာမျိုးပါပဲ ။ အဲ့တာထက် မက်ဆီ လုပ်သလိုမျိုးပဲ အောင်ပွဲခံရတာကို ကျွန်တော် ပိုပြီး နှစ်ခြိုက်မိမှာပါ ”

” သူဟာ အရမ်း မြန်တဲ့ ကစားသမား တစ်ဦးပါ ။ သူက တကယ့်ကို မယုံကြည်နိုင်ဖွယ် အရည်အသွေးတွေလည်း ပိုင်ဆိုင်ထားပါတယ် ။ သူဟာ အတွေ့အကြုံများလေ ပိုပြီး ပြည့်ဝလေဖြစ်လာမှာပါ ။ သူဟာ နိုင်ငံ့ အသင်းဆီကို သွားရောက်ပြီး တိုးတက်ဖို့ လေ့လာ သင်ယူမှုတွေလည်း လုပ်ဆောင်ရဦးမှာပါ ”

” ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီကနေ လေ့လာသင်ယူမှုတွေ လုပ်ဆောင်ရင်း ကြီးပြင်းလာခဲ့တာပါ ။ အဲ့တာက နေ့စဥ် အကူအညီ ဖြစ်စေခဲ့ပါတယ် ” လို့ ဒီမားရီးယား က တစ်နိုင်ငံတည်းသားကို အကြံပေးစကား ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

ဂါနာချို ဆိုတာ ရော်နယ်ဒို ကို Idol အဖြစ် သတ်မှတ်သူ ဖြစ်တာကြောင့် အဲ့ဒီလို အောင်ပွဲခံခဲ့တာပဲ ဖြစ်ပါတယ် ။ တစ်ဖက်မှာတော့ သူဟာ ရော်နယ်ဒို ရော ၊ မက်ဆီ နဲ့ပါ ကစားခွင့် ရရှိထားနိုင်ခဲ့တဲ့ ရှားရှားပါးပါး ကစားသမား တစ်ဦးလည်း ဖြစ်နေခဲ့ရပါတယ် ။

#SM