ဖောရက်စ် နဲ့ ပွဲအပြီး ဇင်ချန်ကို အပေါ် ဘန်ဝှိုက် ဘာကြောင့် ဒေါသတကြီး ပေါက်ကွဲခဲ့တာလဲ

 

ဒီနေ့ မနက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေအတွင်း အာဆင်နယ် အသင်းဟာ သူတို့ ရလဒ် မကောင်းလေ့ ရှိတဲ့ နော်တင်ဟမ်ဖောရက်စ် အသင်း ရဲ့ ကွင်းမှာ အနိုင် ၃ မှတ် ရှာဖွေ နိုင်ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၂ နေရာကို ယာယီ တက်လှမ်း လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ နှစ်ပွဲဆက် Clean-Sheet နိုင်ပွဲ ရမယ့် အနေအထားကနေ ပွဲပြီးခါနီး ချေပဂိုး တစ်ဂိုး ပြန်ပေးခဲ့ရတာကြောင့် ၁-၂ ဆိုတဲ့ ရလဒ် နဲ့ ပဲ အနိုင် ရခဲ့တာပါ ။ ပွဲအပြီးမှာတော့ အာဆင်နယ် အသင်း ရဲ့ နိုင်ပွဲ အကြောင်းထက် ပွဲပြီးပြီးချင်း ဇင်ချန်ကို နှင့် ဘန်ဝှိုက် တို့ ကတောက်ကဆ အချင်းများနေမှုက ပရိသတ်တွေ ကြားထဲ ပိုမို စိတ်ဝင်စားစရာ ကိစ္စရပ် ဖြစ်ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကိုယ်တိုင် ဇင်ချန်ကို ကို ဘန်ဝှိုက် နားကနေ ခွာထုတ်ပြီး စကားပြောခဲ့ရအထိ နှစ်ဦးသား အချင်းများ နေခဲ့ကြတာပါ။ ဘာအကြောင်းအရင်းများကြောင့် အသင်းဖော် အချင်းချင်း စကားများ နေကြတာလဲ ဆိုတာဟာ ပရိသတ်တွေ အတွက် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပြီး Metro ကတော့ VAR replay ကြောင့်လို့ ဆိုပါတယ် ။

VAR replay အရ အဝိုနီယို ရဲ့သွင်းဂိုး ကို ဖန်တီးပေးခဲ့တဲ့ မွန်တီရယ် လူကျွံမနေတာဟာ နောက်ခံလူ ဇင်ချန်ကို ဖြစ်နေတာက ဘန်ဝှိုက် တစ်ယောက် ပေါက်ကွဲ ခဲ့တဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လနြ။ အဝိုနီယို ရဲ့သွင်းဂိုး build up မှာ ဇင်ချန်ကို ကလွဲလို့ တခြားဂန်းနား နောက်ခံလူ ၃ ဦး စလုံးဟာ လူကျွံ ဖမ်းထားတဲ့ အနေအထားမှာ ရှိနေခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဘန်ဝှိုက် နှင့် ဇင်ချန်ကို တို့ရဲ့ အချင်းများမှုဟာ အသင်းသား အချင်းချင်း တစ်ယောက်‌နဲ့ တစ်ယောက် ပိုမို ကောင်းမွန်လာအောင် တွန်အားပေးတာမျိုး ဖြစ်တာကြောင့် သဘောကျကြောင်း ပြောကြား သွားခဲ့ပါတယ်။

SM