ဗီလာနဲ့ မရင်ဆိုင်မီ ချဲလ်ဆီး စတား ၂ဦးရဲ့ ဒဏ်ရာသတင်း အကြောင်း အသိပေးရင်း မစ်ဒယ်ဘရော့နဲ့ ပွဲအပြီး သီယာဂို ဆေးလ်ဗားရဲ့ မှတ်ချက် အပေါ် တုန့်ပြန်လာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲ အဖြစ် ဒီရာသီ ခြေစွာနေတဲ့ အက်စ်တွန် ဗီလာ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားသွားဖို့ ရှိပါတယ် ။ ဒီမတိုင်ခင်က မစ်ဒယ်ဘရော့ကို ၆ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ခြင်္သေ့ပြာတို့ ယနေ့ညမှာလည်း ထိုပုံစံကောင်းကို ဆက်ထိန်းဖို့ ကြိုးပမ်းလာမှာ သေချာပါတယ် ။

ရှေ့လအနည်းငယ်ကထက်စာရင် ခြင်္သေ့ပြာတို့ရဲ့ ဒဏ်ရာ ပြဿနာ စာရင်း တဖြည်းဖြည်း လျော့နည်းလာပြီး ၊ အခုအခါမှာ ၆ဦး ၊ ၇ဦးခန့်သာ ကျန်ပါတော့တယ် ။ မနေ့က ထရိန်နင်မှာတော့ ပြင်သစ် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူနဲ့ ညာနောက်ခံလူ မာလို ဂတ်စ်တိုတို့ လေ့ကျင့်မှုတွေ စတင်နေခဲ့ပါတယ် ။

သို့ပေမယ့် ၄င်းတို့ ၂ဦးဟာ ယနေ့ည ဗီလာနဲ့ ပွဲအမှီတော့ ကြံ့ခိုင်မှု ပြည့်ဦးမှာ မဟုတ်ပဲ ၊ လာမယ့်အပတ် ကြားရက် အန်းဖီးလ်မှာ ကစားမယ့် လီဗာပူးနဲ့ ပရီးမီးယားလိဂ် ပွဲမှာသာ ပြန်လည် ပါဝင်နိုင်မယ့် အကြောင်း ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အခုလိုပဲ အသိပေးလာပါတယ် ။

ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနို က ” သူတို့ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ လီဗာပူးနဲ့ ပွဲအတွက် ကစားသမားစာရင်းမှာ ပြန်ပါလာနိုင်ပါတယ် ။ လာမယ့် ရက်အနည်းငယ်အတွင်း သူတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေ တိုးတက်မှုကို တချက် ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုပါတယ် ။ ”

” ဒီအတွက် ကျွန်တော်တို့ အကောင်းမြင်ထားပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ရမှာပါ ။ မနက်ဖြန်ပွဲအတွက်တော့ သူတို့ ပါဝင်ပေးနိုင်မှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ဘိုရိုကို ၆ – ၁ နဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ အပြီး အင်တာဗျူး တခုမှာ ဘရာဇီး ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗားက ၄င်းရဲ့ ချဲလ်ဆီးမှ နေ့ရက်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးနေပြီ ဖြစ်လို့ ဝမ်းနည်းမိကြောင်း မှတ်ချက်ပေးလာခဲ့ပါတယ် ။

ဒါနဲ ပတ်သက်ပြီး ပိုချက်တီနို က ” သူ အဲဒီပွဲအပြီး ဘာပြောခဲ့လဲ ဆိုတာ ကျွန်တော် မကြားခဲ့မိပါဘူး ။ နောက်ရာသီ အကြောင်း ကျွန်တော်တို့ မပြောရသေးပါဘူး ။ ဒီရာသီ အတွက်ပဲ ကျွန်တော်တို့ အာရုံစိုက်ထားပါတယ် ။ ဒီမေးခွန်းက ကျွန်တော့ထက်စာရင် သူ့အတွက်ပဲ ပိုဖြစ်သင့်ပါတယ် ။ ဘာလို့လဲဆိုတော့ သူ ပြောခဲ့တာတွေ ကျွန်တော် ဘာမှမသိလို့ပါ ။ ”

” သူ ကိုယ်တိုင်ပဲ သိပါလိမ့်မယ် ။ ဟုတ်ပါတယ် ။ ကလပ်ဖက်က ဒါဟာ သူ့ရဲ့ နောက်ဆုံး ဘောလုံးရာသီ ဖြစ်မဖြစ် ဆိုတာ နောက်ကျ အဆုံးအဖြတ် ပေးပါလိမ့်မယ် ။ ကျွန်တော်တို့ဟာ လက်ရှိ ပစ္စုပ္ပန် ကာလ အကြောင်းပဲ အမြဲ ပြောကြတာပါ ။ သူ့အတွက် ကြံ့ခိုင်မှု ပြည့်အောင် ထိန်းသိမ်းဖို့က အရေးကြီးပါတယ် ။ ”

” ဒီအသက်အရွယ်မှာ သူ လုပ်ပြနေတာတွေက အံ့သြဖွယ် ဖြစ်ပြီး ၊ သူ့အတွက် ကျွန်တော်တို့ ပျော်ရွှင်နေကြပါတယ် ။ အနာဂတ်မှာ ဖြစ်လာမယ့် အရာတွေက သူနဲ့ အသင်းနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR