EPL ဖိုင်နယ် တက်ခဲ့ပြီးနောက် လီဗာပူးစတား တစ်ဦးကို ‘ကယ်တင်ရှင်’ လို့ အမည်တပ်ကာ အထူး ချီးကျူးသွားခဲ့တဲ့ ယာဂန်ကလော့

 

လီဗာပူးဟာ မနေ့ညက ခရေဗင်ကော့တစ်ခ်ျမှာ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဖူဟမ်ကို ၁ ဂိုးစီ သရေကစားကာ နှစ်ကျော့ပေါင်း ရလဒ် ၃-၂ နဲ့ အနိုင်ယူကာ ၀င်ဘာလေဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။ ဒီယက်ရဲ့ ပထမပိုင်းက သွင်းဂိုးကို ဒီအော့က ပြန်လည် ချေပနိုင်ခဲ့ပေမယ့်လည်း လီဗာပူးဟာ အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့တာ ဖြစ်ပြီး အခုဆိုရင် လာမည့် ဖေဖော်ဝါရီ ၂၅ မှာ ချဲလ်ဆီးနဲ့ ဗိုလ်လုရမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ် အပြီးမှာ ယာဂန်ကလော့က ဂျိုးဂိုးမက်ဇ်ဟာ လီဗာပူးရဲ့ ‘ကယ်တင်ရှင်’ လို့ အမည်တပ်ပြီး ချီးကျူးသွားခဲ့ပါတယ်။ ဂိုးမက်ဇ်ဟာ မနေ့ညက လီဗာပူးရဲ့ ဘယ်ခြမ်း ခံစစ် ကနေ ထပ်မံ ခြေစွမ်းပြ ကစားသွားခဲ့ပြီး အသက် ၂၆ နှစ်အရွယ် နောက်ခံလူဟာ ရောဘတ်ဆန် နဲ့ ဆီမီကတ်စ် တို့ ဒဏ်ရာရနေချိန်မှာ ဒီနေရာမှာ အကောင်းဆုံး ၀င်ဖြည့် ကစားပေးခဲ့သူ ဖြစ်ပါတယ်။

ကလော့က “ရော်ဘို ဒဏ်ရာ ရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၁၃ ပတ် ၁၄ ပတ်တာ ကာလအတွင်းမှာ ဂျိုး (ဂိုးမက်ဇ်) မရှိဘဲ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ အမှန်ပါပဲ။ သူဟာ ညာနောက်ခံလူ အဖြစ်သာမကဘဲ ဘယ်နောက်ခံလူ အဖြစ်လည်း ကစားပေးနိုင်ပါတယ်။ သူဟာ ဒီရာသီမှာ နောက်တန်း အစွန်လူ နေရာကနေ ဘယ်နှစ်ပွဲလောက် ကစားပေးထားပြီးလဲ ဆိုတာ ကျနော် အတိအကျ မသိပါဘူး။ ဒါပေမယ့် ပွဲ ၂၀ လောက်တော့ ရှိနေပြီလို့ ထင်ပါတယ်။ သူဟာ ဒီနေရာမှာ ပွဲကစားရုံလေးပဲ မဟုတ်ပါဘူး။ ဒီနေ့မှာလည်း ထပ်ပြီး ခြေစွမ်းပြ ကစားခဲ့ပြန်ပါတယ်။

သူဟာ တကယ်တော်တဲ့ နောက်ခံလူ ဖြစ်ပြီး အတွင်းကိုလည်း ၀င်ကစားတက်ပါတယ်။ သူဟာ ဒါကိုလည်း ကောင်းကောင်း လုပ်ပြနေပါတယ်။ သူဟာ လီဗာပူး အတွက် ဂိုးမသွင်းပေးနိုင်သေးဘူး ဆိုတဲ့ ပြောဆိုမှုတွေကို အဆုံးသတ်ဖို့ အတွက် အကြိမ် အနည်းငယ် ကြိုးစားခဲ့ပါသေးတယ်။ သူ ကန်သွင်းဖို့ ကြိုးစားတဲ့ နေရာတွေက အနည်းငယ် ဝေးနေတယ်လို့ ကျနော် ခံစားမိပါတယ်။ ဒါပေမယ့် ဒါ အိုကေပါတယ်။

သူဟာ အသင်းအတွက် ကယ်တင်ရှင် ဖြစ်ပါတယ်။ သူဟာ ခံစစ်မှာ နေရာစုံ ကစားပေးနိုင်သူ ဖြစ်ပါတယ်။ လူတွေက ကျနော်တို့ရဲ့ အကောင်းဆုံး နှစ်တွေမှာ ဂျိုး ဘယ်လောက် အရေးပါခဲ့သလဲဆိုတာ မေ့နေကြပါတယ်။ ကျနော်တို့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ နှစ်တွေမှာ သူ ပွဲဘယ်လောက် ကစားပေးခဲ့သလဲ ဆိုတာ ကျနော် မသိပါဘူး။ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ ရာသီမှာ သူ ပွဲဘယ်လောက် ကစားပေးခဲ့သလဲ ဆိုတာ ကျနော် မသိပါဘူး။ အများကြီး ဖြစ်မှာပါ။ သူဟာ တကယ့် ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ပါတယ်။”