လန်ဒန်ဒါဘီ ၂ပွဲဆက် အနိုင်ရပြီးနောက် သူ့ရဲ့ အနာဂတ် အကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ၂ပွဲဆက် ဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရပြီးနောက် ၊ နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနို တယောက် ရာထူးက အထုတ်ခံရနိုင်တဲ့ ကောလဟလတွေလည်း အတော်လေး ပြန်လည်ငြိမ်ကျသွားတာကို တွေ့ရပါတယ် ။

ပိုင်ရှင်တွေဖက်က ပိုချက်တီနိုဖက်မှ ထောက်ခံမှု အပြည့် ဆက်ပေးထားသည့်တိုင် ၊ ၄င်းတို့ အကြားမှာ အဆက်အသွယ် ပုံမှန် မရှိနေတာကြောင့် အစားထိုးခံရနိုင်တဲ့ သတင်း တချို့ ဒီ၂ပွဲ မတိုင်ခံက ထွက်ခဲ့ပါတယ် ။ ယင်းအာဂျင်တိုင်းသားကတော့ သူ့ရဲ့ အနာဂတ်ကို သူကိုယ်တိုင်ပင် တိတိကျကျ မသိသေးကြောင်း အခုလိုပဲ ဖွင့်ဟဝန်ခံခဲ့ပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် ဒီမှာ နောက်ထပ် တနှစ် စာချုပ်နေသေးပေမယ့် ၊ နောက်ရာသီ ကျွန်တော် ဒ်ီမှာ ဆက်ရှိနေဦးမယ်လို့ ဘယ်သူမှ မပြောကြပါဘူး ။ လောလောဆယ် ကျွန်တော်လည်း မသိပါဘူး ။ နောက်တနှစ် ကျန်နေသေးတော့ ဒီမှာ ကျွန်တော် ဆက်ရှိနေဦးမယ်လို့တော့ ယူဆပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ မနေ့ည မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးပြတ် ရှုံးပွဲအပြီး အဆင့် ၇ နေရာကို ခိုင်ခိုင်မာမာ ရယူထားကာ ၊ လက်ကျန် ၃ပွဲသာ အနိုင်ရခဲ့ရင် ယူရိုပါလိဂ် ဝင်ခွင့် အထိ ရရှိနိုင်ပါတယ် ။ တရာသီလုံး အနိမ့်အမြင့် အတက်အကျ များစွာ ကြုံခဲ့ရပြီးမှ ဥရောပ ဝင်ခွင့်နဲ့ အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် ဒါဟာ ချဲလ်ဆီး အတွက် အောင်မြင်တဲ့ ရာသီ တခု အဖြစ် ယူဆရနိုင်မလား ဆိုတဲ့ အမေး အပေါ်လည်း ပိုချက်တီနိုက အခုလိုပဲ တုန့်ပြန်လာပါတယ် ။

ပိုချက်တီနို က ” ကျွန်တော် ဘာမှ မပြောချင်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒီရာသီ စကတည်းက အသင်းရဲ့ ပစ်မှတ်ပန်းတိုင်ဟာ အမြဲတမ်း အနိုင်ရဖို့ ဖြစ်တယ်လို့ ကျွန်တော် ပြောခဲ့ဖူးလို့ပါ ။ ကျွန်တော်တို့ဟာ ချဲလ်ဆီး ဖြစ်ပေမယ့် ဒီနာမည်ဂုဏ်ပုဒ်ဟာ ကြီးမားလွန်းတဲ့ ဖိအားဒဏ်ကို ဖန်တီးခဲ့ပါတယ် ။ ”

” မနက်ဖြန်တော့ ကျွန်တော်တို့ အနားယူမှာ ဖြစ်ပြီး ၊ အင်္ဂါနေ့မှာ စနေနေ့ ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ ။ လက်ရှိ ပစ်မှတ်ကတော့ ရင့်ကျက်တည်ငြိမ်ဖို့ ၊ ရရှိထားတဲ့ အရှိန်အားကို ဆက်ထိန်းသွားဖို့ ၊ ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ၊ ပွဲတိုင်း တိုးတက်လာဖို့ ဖြစ်ပါတယ် ။ ”

” ဥရောပ ဝင်ခွင့် ရဖို့ ကျွန်တော်တို့ ဆက်လက် ကြိုးစားသွားမှာပါ ။ နောက်ရာသီ ဥရောပ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရတာက အသင်းအတွက် အကျိုးရှိစေပါလိမ့်မယ် ။ ဒါပေမယ့် ဒီလောက်နဲ့ အောင်မြင်တဲ့ ဘောလုံးရာသီ တခုလို့ ကျွန်တော် မပြောနိုင်ပါဘူး ။ အထူးသဖြင့် ချဲလ်ဆီးမှာ ခင်ဗျား ဘာဆုဖလား တလုံးမှ မယူနိုင်တဲ့ အနေအထားမျိုးမှာပေါ့ ။ ”

” ထပ်ပြောရရင် ချဲလ်ဆီးမှာတော့ ခင်ဗျားဟာ ဆုဖလားတွေ ဆွတ်ခူးပေးနိုင်ဖို့ပဲ အမြဲတမ်း မျှော်မှန်းခြင်း ခံရပါလိမ့်မယ် ။ အခြေအနေနဲ့ အကြောင်းအရင်း အရပ်ရပ်က ကျွန်တော် စရောက်တဲ့ နေ့ကနေ အခုထိ အမှန်တကယ် ခက်ခဲနေခဲ့တယ် ဆိုတာ ပြသနေပါတယ် ။ ”

” နည်းပြအဖွဲ့နဲ့ ကစားသမားတွေဟာ လက်ရှိ အခြေအနေ အပေါ် ပျော်ရွှင်နေကြပါတယ် ။ ဘာလို့လဲဆိုတော့ အလွန်ခက်ခဲတဲ့ အခိုက်အတန့်တွေမှာတောင် ကျွန်တော်တို့တွေ တွန်းအားပေးခဲ့ကြလို့ပါပဲ ။ ကျွန်တော်တို့ ခုထိ ယုံကြည်နေသေးသလို ၊ ဘယ်တော့မှ အရှုံးမပေးပါဘူး ။ ”

” ကြပ်တည်းတဲ့ အခြေအနေတွေမှာတောင် ကျွန်တော်တို့ ဆက်ရှိနေသေးတယ် ဆိုတာ ပြသထားပါတယ် ။ အတွေ့အကြုံ ၊ အရည်အသွေး ၊ အခက်အခဲတွေ ရင်ဆိုင် ဖြေရှင်းနိုင်စွမ်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဆွေးနွေးကြတဲ့အခါ ဒါဟာ အရေးကြီးတဲ့ အရာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR