မစ်ဒယ်ဘရော့နဲ့ ပွဲမှာ အထူးခြေစွမ်းပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတား ၂ဦး အပေါ် ချီးမွမ်းခန်း ဖွင့်လာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲမှာ ပထမအကျော့တုန်းက ၁ – ၀ နဲ့ အရေးနိမ့်ထားခဲ့တဲ့ မစ်ဒယ်ဘရော့ အသင်းကို ၆ – ၁ ရလဒ်နဲ့ ဂိုးပြတ်သွင်းပြီး အနိုင်ပြန်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ ကွင်းလယ် Double Pivot ၂ဦးမှာ အန်ဇို ဖာနန်ဒက်ဇ်နဲ့ မွိုက်ဆက်စ် ကိုင်စီဒိုတို့ကို တွဲဖက်ကာ ၊ တိုက်စစ်အားသန် ကစားသမား ၄ဦး အထိ ပွဲထုတ်သွားပါတယ် ။ ဒါ့အပြင် ခံစစ်ကြောင်းမှာလည်း ဒဏ်ရာက ပြန်ကောင်းလာတဲ့ ဘယ်နောက်ခံလူ ဘန်ချေဝဲလ် ၄လအကြာ ပထမဆုံး အကြိမ် ပွဲပြန်ထွက်လာပါတယ် ။

ချေဝဲလ်ဟာ ဒဏ်ရာက ခုမှ ပြန်လာသည့်တိုင် သူဟာ ဘာကြောင့် ထိပ်တန်း attacking full-back တဦး ဖြစ်တယ် ဆိုတာ ပြသသွားခဲ့ကာ ၊ အဖွင့်ဂိုးဟာ ၄င်းရဲ့ အကွက်မြင်မြင် လှုပ်ရှားမှုနဲ့ တိုက်ရိုက် ပတ်သက်ခဲ့ပါတယ် ။ ဒါ့အပြင် ၄င်းဟာ တိုက်စစ်အတွက် များစွာ အထောက်အကူ ပေးခဲ့ပြီး ၊ ဘိုရိုခံစစ်ကို အထူး ဒုက္ခပေးခဲ့ပါတယ် ။

တဖက်မှာ ညာခြမ်းခံစစ်မှာ ပုံမှန်အားဖြင့် ဗဟိုခံစစ် နေရာကို တာဝန်ယူရလေ့ရှိတဲ့ ပြင်သစ် လက်ရွေးစင် ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီဟာ ဒီပွဲမှာတော့ ဒဏ်ရာရ ကစားသမားတွေကြောင့် ညာနောက်ခံလူ အဖြစ် အစားဝင် ကစားပေးခဲ့ကာ ၊ တတိယဂိုးကို တိုက်ရိုက်အထိ break out လုပ်ပြီး သွင်းယူပေးခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက ကာလရှည် ဒဏ်ရာက ပြန်လာအပြီး ချက်ချင်း ခြေစွမ်းပြနေတဲ့ ချေဝဲလ်နဲ့ အားမသန်တဲ့ ညာနောက်ခံလူ နေရာမှာ အတော်အသင့် အံဝင်အောင် ကစားပြခဲ့တဲ့ ဒီဆာဆီတို့ကို ခုလိုပဲ ချီးကျူးစကားဆိုလာပါတယ် ။

ပိုချက်တီနို က ” အရေးကြီးပါတယ် ။ ဒါပေမယ့် ချီလီဆို ဒဏ်ရာကြောင့် မကစားရတာ ၄လ ကြာခဲ့ပါပြီ ။ သူ့ကို ကိုဝဲလ် ၊ ဒဏ်ရာရနေတဲ့ မာ့ခ်ကူကူရယ်လာတို့လို မတူညီတဲ့ ကစားသမား တယောက် အဖြစ် မြင်ပါတယ် ။ ကျွန်တော်တို့မှာ ဒီနေ့ပွဲအတွက် ထည့်တွက်လို့ မရတဲ့ ညာနောက်ခံလူ ၂ယောက် ရှိပါတယ် ။ ရိစ်ဂျိမ်းစ်နဲ့ မာလို ဂတ်စ်တိုပါ ။ ”

” ဒီတော့ ကျွန်တော်တို့ အိတ်ဆဲလ်ကို ဒီနေ့ပွဲမှာ သုံးလိုက်ရပါတယ် ။ အမြဲတမ်း ဒဏ်ရာ ပြဿနာတွေကြောင့်ပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့ အထွန့်မတက်ပါဘူး ။ ဒါက အရေးကြီးဆုံးပါ ။ ဒီနေ့ နိုင်ပွဲမှာ သူတို့ ၂ဦးရဲ့ ခြေစွမ်းက အရေးပါခဲ့ပေမယ့် ၊ ရှေ့ဆက် ဒီလိုမျိုး ပြသနိုင်ဖို့ လိုပါတယ် ။ ”

” ကျွန်တော်တို့ဟာ ချီလီလို ကစားသမားမျိုးကို မိနစ် ၆၀ ၊ ၆၅မိနစ်လောက် ကစားစေဖို့ အလိုရှိပါတယ် ။ ဒါပေမယ့် ပစ်မှတ်က သူ မိနစ် ၉၀ အပြည့် ကစားနိုင်ဖို့ အထိ ကြံ့ခိုင်မှု ပြန်လာစေရန်နဲ့ ရှေ့ဆက် ၃ရက်ခြား ၄ရက်ခြား တပွဲ ကစားပေးနိုင်ဖို့ ဖြစ်ပါတယ် ။ ဒါက အရေးကြီးဆုံး အရာပါ ။ ”

” ကျွန်တော်တို့ အနေနဲ့ သူ့လို ကစားသမား တယောက် အကောင်းဆုံး ခြေစွမ်း ပြသနိုင်ဖို့ ကူညီပေးရပါမယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ သူတို့ ဒဏ်ရာက ပြန်လာတာနဲ့ ‘ ငါတို့ ချီလီကို သုံးရမယ် ၊ ငါတို့ ရိစ်ကို သုံးရမယ် ‘ ဆိုပြီးပဲ တွေးကြပါတယ် ။ ဒီကစားသမားတွေက ဒုတိယပိုင်း ၁၅မိနစ် ၊ မိနစ် ၂၀လောက် ကစားပြီးရင် လူစားလဲခံရဖို့ လိုအပ်တယ် ဆိုတာ ကျွန်တော်တို့ သိထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR