ပေါင်သန်း ၆၀တန် ချဲလ်ဆီး စတားကို ထုတ်ရောင်းလိုက်ရင် ချဲလ်ဆီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တရပ် ဖြစ်လိမ့်မယ်လို့ သတိပေးလာတဲ့ ရှဝါဇာ

 

ချဲလ်ဆီး အသင်းဟာ လက်ရှိ ဇန်နဝါရီစျေးကွက်နဲ့ လာမယ့် နွေရာသီ စျေးကွက် ဘဏ္ဍာရေး စည်းမျဉ်းနဲ့ အညီ ညှိနိုင်ဖို့ ကစားသမား ရောင်းချခြင်းတွေကနေ ငွေပြန်ရှာရန် လိုအပ်နေပါတယ် ။ ဒီတော့ အကယ်ဒမီထွက် ကြယ်ပွင့် တချို့ကို ထုတ်ရောင်းခြင်းက ၄င်းတို့ကို တိုက်ရိုက် အကျိုးပြုမှာ ဖြစ်ပါတယ် ။

ကော့ဘ်ဟမ်း အကယ်ဒမီထွက်တွေထဲမှာ ထုတ်ရောင်းခံရဖို့ သတင်းကြီးနေတဲ့ ကစားသမားတွေ အနက် အားထားရတဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါလည်း တဦး အပါအဝင် ဖြစ်နေပါတယ် ။ ဂေါ်လဂါဟာ ဒီရာသီ ချဲလ်ဆီး အတွက် ပုံမှန် ခြေစွမ်းပြနေတဲ့ ကစားသမား အနည်းအကျဉ်းထဲက တဦး ဖြစ်ပါတယ် ။

တော့တင်ဟမ် အသင်းဟာ ၄င်းကို ခေါ်ယူဖို့ အထူး စိတ်ဝင်စားနေပေမယ့် ချဲလ်ဆီးဖက်က ၄င်းအတွက် ပေါင်သန်း ၆၀ ပြောင်းရွှေ့ကြေး အနိမ့်ဆုံး အလိုရှိနေပါတယ် ။ ဖူလ်ဟမ်နဲ့ ချဲလ်ဆီး ဂိုးသမားဟောင်း မာ့ခ်ရှဝါဇာက ဂေါ်လဂါကို ထုတ်ရောင်းလိုက် ချဲလ်ဆီး အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာလိမ့်မယ်လို့ သတိပေးလိုက်ပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ရှဝါဇာ က ” ကော်နာ ဂေါ်လဂါကို ဆက်ထိန်းဖို့က ခုချိန်မှာ ပိုလို့တောင် အရေးကြီးနေပြီလို့ ကျွန်တော် ထင်ပါတယ် ။ ဘာလို့လဲဆိုတော့ လတ်တလောနှစ်တွေမှာ ချဲလ်ဆီးဖက်က လုပ်ထားတဲ့ အပြောင်းအလဲ ပမာဏကြောင့်ပါ ။ ခင်ဗျားဟာ ပရိသတ်တွေနဲ့ သံယောဇဉ်ကြိုး ဆက်လက်ခိုင်မြဲစေချင်ပါလိမ့်မယ် ။ ”

” အသင်းမှာ အရာတချို့ အဆင်မပြေဖြစ်တဲ့အခါ ဒီလို ကစားသမားမျိုးတွေကို ခင်ဗျား အသင်းမှာ ရှိနေစေချင်ပါလိမ့်မယ် ။ သူတို့ဟာ တကယ် ချဲလ်ဆီးပရိသတ်စစ်စစ်တွေပါ ။ မေဆင်မောင့်က သူ့လိုမျိုး နောက်ထပ် ကစားသမား တယောက်ပါပဲ ။ မန်ချက်စတာ ယူနိုက်တက်မှာ သူ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာ ကျွန်တော် သိပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော့ အမြင်အရ သူ ချဲလ်ဆီးမှာသာ ဆက်ရှိနေဦးမယ်ဆိုရင် အသင်းအတွက် ကောင်းပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ သူဟာ ဒီကလပ်ရဲ့ ကြီးကျယ်တဲ့ အခန်းကဏ္ဍမှာ ပါဝင်မယ့် ကစားသမား တယောက် ဖြစ်မယ့် အတွက်ကြောင့်ပါ ။ ဒါပေမယ့် ဘဏ္ဍာရေး အခြေအနေနဲ့ စည်းမျဉ်းစည်းကမ်းတွေက ရှိပါသေးတယ် ။ ”

” သူတို့မှာ ကော်နာ ဂေါ်လဂါ ကစားတဲ့ ပုံစံမျိုး ကစားပေးနိုင်တဲ့ ကစားသမား တယောက်မှ ရှိမယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဒီတော့ သူထွက်သွားခဲ့ရင် ဒါက သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက် တခု ဖြစ်လာပါလိမ့်မယ် ။ လွန်ခဲ့တဲ့ ၁၂လကနေ ၁၈လအတွင်းက ကစားသမားခေါ်ယူမှုတွေကြောင့် ကံမကောင်းစွာနဲ့ တချို့သော ဆုံးဖြတ်ချက်တွေဟာ သူတို့ရဲ့ လက်ထဲမှာ ရှိမနေတော့ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကလည်း ရှဝါဇာနဲ့ သဘောထားတူတဲ့ အကြောင်း ထောက်ခံရင်း ” သူဟာ ချဲလ်ဆီး ပရိသတ် တယောက်ပါ ။ ကလပ် အပေါ် သူ တကယ် ချစ်ပါတယ်။ သူ အသင်းပြောင်းချင်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ကျွန်တော်လည်း သူ အသင်းပြောင်းတာကို မမြင်ချင်ပါဘူး ။ ”

” သူ အင်္ဂလန်မှာ လေ့ကျင့်တဲ့ ပုံစံက ချဲလ်ဆီးမှာ လေ့ကျင့်တဲ့ပုံစံနဲ့ တူတူပဲ ဆိုတာ ကျွန်တော် လက်ခံပါတယ် ။ အမြဲတမ်း ရာနှုန်းပြည့် ပေးဆပ်ပါတယ် ။ သူ့ဆီကနေ ခင်ဗျား ဘာရမလဲ ဆိုတာ သိပါတယ် ။ ဒီနေ့ပွဲကို သူ မကစားဖို့ ကျွန်တော် ကြိုတင် မျှော်မှန်းခဲ့ပြီးသားပါ ။ ဘာလို့လဲဆိုတော့ ဒီပွဲမှာ ချဲလ်ဆီးဟာ တိုက်စစ် အနည်းငယ် ပိုတင်ကစားဖို့ လိုအပ်ခဲ့လို့ပါ ။ ”

” နောက်ပြီး သူတို့ဟာ ဂေါ်လဂါကို သောကြာနေ့ပွဲအတွက် ချန်ထားတဲ့ပုံ ရပါတယ် ။ သူ အသင်းမပြောင်းဖို့ပဲ ကျွန်တော် မျှော်လင့်ပါတယ် ။ ဘဏ္ဍာရေး စည်းမျဉ်း အခြေအနေ ရှိနေသေးတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကျွန်တော် သူ့ကို ချဲလ်ဆီးမှာပဲ ဆက်နေစေချင်ပါသေးတယ် ။ ”

” ပရိသတ်တွေ အတွက်တော့ သူ့ကို အကယ်ဒမီအဆင့်တွေ ကျော်ဖြတ်ပြီး ရောက်လာတဲ့ တစုံတယောက် အဖြစ် သဘောထားကြပါတယ် ။ သူ အသင်းပြောင်းမှာကို ကျွန်တော် မမြင်ချင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR