မစ်ဒယ်ဘရော့နဲ့ ပွဲမှာ ချဲလ်ဆီး စတား တဦးကို အရဲစွန့်ပြီး တပွဲလုံး မသုံးဖို့ ဆုံးဖြတ်ခဲ့ကြောင်း ဝန်ခံလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကာရာဘောင်ဖလး ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ အသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၆ – ၁ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရကာ ၊ ပထမအကျော့က ၁ – ၀ အရှုံးရလဒ်ကို ပြန်လည် ချေပပြီး ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပါတယ် ။

ပွဲထွက်စာရင်းမှာ ပါဝင်ခဲ့တဲ့ တိုက်စစ်ကစားသမားတွေထဲက ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ဟာ ဒုတိယပိုင်း စစချင်းမှာပဲ အသင်းဖော် အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီနဲ့ လူစားလဲခြင်း ခံခဲ့ရပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက မူဒရစ်ဟာ ဒဏ်ရာ တစုံတရာ ရခဲ့တာ မဟုတ်ပဲ ၊ ပထမပိုင်းမှာ ကွင်းလယ်ဒိုင်ကို စောဒက တက်လို့ အဝါထိခဲ့ခြင်းကြောင့် နောက်တဝါ ထပ်မထိစေရန် အလို့ငှာ လူစားလဲခဲ့တာ ဖြစ်ကြောင်း အခုလိုပဲ ဝန်ခံဖြေရှင်းလာပါတယ် ။

ပိုချက်တီနို က ” သူ ဘာမှ မဖြစ်ပါဘူး ။ ခင်ဗျားသာ ဒီနေ့ပွဲကို သေချာကြည့်မယ်ဆိုရင် သူဟာ ပထမပိုင်းမှာ တဝါထိထားခဲ့ပြီး ၊ ပထမပိုင်းပြီးခါနီး ဖြတ်ထုတ်မှု တရပ်ကနေ နောက်တဝါ ထပ်ထိနိုင်ခြေ ရှိခဲ့ပါတယ် ။ ဒီဖြတ်ထုတ်ပုံက ပြိုင်ဖက်ကို ထိလုနီးနီး ဖြစ်ခဲ့ပါတယ် ။ ကျွန်တော်တို့ သူ့ကို အရဲစွန့်ပြီး ဆက်မသုံးချင်ခဲ့ရုံလေးပါပဲ ။ ”

” သူ့ကို နောက်ထပ်တပိုင်း သုံးဖို့ မလိုတဲ့ အရဲစွန့်စရာ မလုပ်ချင်တော့တာပါ ။ ဒါကြောင့် သူ့ကို ကျွန်တော်တို့ လူစားလဲလိုက်ရခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုက ဖိုင်နယ်မှာ ဖူလ်ဟမ် ( သို့မဟုတ် ) လီဗာပူး အနက် တသင်းသင်းနဲ့ ရင်ဆိုင်ရမယ့် အပေါ် အခုလိုပဲ မှတ်ချက်ပေးလာပါတယ် ။

ပိုချက်တီနို က ” ဟုတ်ပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် အမှန်တကယ် အရေးကြီးပါတယ် ။ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲမှာ ဖူလ်ဟမ် သို့မဟုတ် လီဗာပူးနဲ့ ရင်ဆိုင်ရမှာပါ ။ ၂သင်းလုံးက အံ့သြဖွယ်ကောင်းတဲ့ အသင်းတွေပါ ။ ဒါက ခက်ခဲလာပါလိမ့်မယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ ဒီဖလား ရနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ထားဖို့ လိုပါတယ် ။ ဒါပေမယ့်လည်း ဒါက ကျွန်တော်တို့ အတွက် အရေးပါတဲ့ ခြေလှမ်း တလှမ်းပါပဲ ။ ဘာလို့လဲဆိုတော့ ဒီကနေ ရလာတဲ့ ယုံကြည်မှုက ဗိုလ်လုပွဲ အတွက် အထောက်အကူ ပေးမှာမို့ပါ ။ ”

” နောက်ပြီး ကစားသမား အများအပြား အသင်းဆီ ပြန်လာဖို့ နီးစပ်နေကြပါပြီ ။ မနက်ဖြန်မှာ သူတို့ရဲ့ အခြေအနေကို ကျွန်တော်တို့ တချက် စစ်ဆေးပြီး ၊ လေ့ကျင့်လို့ နိုင်မနိုင် စောင့်ကြည့်ပါဦးမယ် ။ ဘာလို့လဲဆိုတော့ ဗိုလ်လုပွဲက အရမ်းနီးကပ်နေပြီမို့ပါ ။ ”

” ဟုတ်ပါတယ် ။ ဒီပြိုင်ပွဲက ကျွန်တော်တို့ကို အထောက်အကူ ပေးပါလိမ့်မယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ချန်ပီယံလိဂ် ဒါမှမဟုတ် ဥရောပ ပြိုင်ပွဲ တခုခု ကစားခွင့် ရဖို့ အလားအလာ လက်ဆုပ်လက်ကိုင် ရှိမနေလို့ပါ ။ ဒီလို ဝင်ဘလေဆီ သွားရမယ့် ဗိုလ်လုပွဲ အတွေ့အကြုံဟာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်းကို တည်ဆောက်ပေးပါလိမ့်မယ် ။ ”

” ဒီကလပ် ၊ ချဲလ်ဆီးရဲ့ စိတ်ဓာတ်ခံယူချက်က အံ့သြဖွယ်ပါပဲ ။ အထူးသဖြင့် အနိုင်ရလိုစိတ်ပေါ့ ။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်းသစ် တသင်းလိုပါပဲ ။ ဝင်ဘလေမှာ လီဗာပူး သို့မဟုတ် ဖူလ်ဟမ်နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်နိုင်ဖို့ ဒီယုံကြည်မှုကို ကျွန်တော်တို့ တည်ဆောက်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR