အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလာတဲ့ ဂန်းနား နောက်ခံလူ ရဲ့ အေးဂျင့်

 

အာဆင်နယ် အသင်း နောက်ခံလူ ခီဗီယော ရဲ့ အေးဂျင့် ဖြစ်သူကတော့ ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆန် သွားခဲ့ပြီး သူ့ရဲ့ ကစားသမားဟာ အသင်းအပေါ် အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၂၃ နှစ် အရွယ် ပိုလန် လက်ရွေးစင် နောက်ခံလူ ခီဗီယော ဟာ ပြီးခဲ့တဲ့ နှစ် ဒီလို အချိန်မှာ အာဆင်နယ် အသင်းကို ပြောင်းရွေ့လာခဲ့သူ ဖြစ်ပြီး ဂန်းနားတို့ အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ အထိ ပါဝင် ကစား ပေးထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စီရီးအေကလပ် အေစီမီလန် အသင်းဟာ အာဆင်နယ် အသင်း ရဲ့ နောက်ခံလူ ခီဗီယော ကို သူတို့ရဲ့ ဇန်နဝါရီ ပစ်မှတ် နောက်ခံလူ စာရင်းထဲမှာ လန်ဂလတ် ၊ ချာလိုဘာ တို့နဲ့ အတူ ထည့်သွင်းထားတယ်လို့ Sky Sports Italia က ဖော်ပြ လာခဲ့ပါတယ် ။ဒါ့အပြင် ခီဗီယော ကလည်း အီတလီမြေကို ပြန်ချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

ခီဗီယော ရဲ့အေးဂျင့် ဖြစ်သူကတော့ အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး Kanal Sportowy မှာ ” ကူဘာ က အာဆင်နယ် ကစားသမားပါ ။ အာဆင်နယ် အသင်းကလည်း သူ့ကို ရောင်းထုတ်ချင်တဲ့ အရိပ်အယောင် မပြပါဘူး ၊ ကျနော်ကတော့ ဒီဆောင်းရာသီမှာ ဘာအပြောင်းအရွေ့မှ ဖြစ်မယ်လို့ မထင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM