နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာတော့ လီဗာပူး အသင်းဟာ ဖူလ်ဟမ် အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားသွားခဲ့ပါတယ် ။ ဒီနိုင်ပွဲကြောင့် လီဗာပူးတို့ နောက်တကျော့ အတွက် ဖိအားနည်းသွားခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ဖို့ အလားအလာ ကောင်းလာခဲ့ပါတယ် ။

 

ဆော်ဒီမြေပေါ်မှာ ကစားခဲ့တဲ့ စပိန် စူပါဖလား ဆီမီးဖိုင်နယ် မှာတော့ ရီးရဲမက်ဒရစ် ဟာ အက်သလက်တီကို မက်ဒရစ် အသင်းကို အချိန်ပို အထိ ယှဉ်ပြိုင် ကစားခဲ့ရပြီး ၅-၃ နဲ့ အနိုင် ရရှိကာ ဗိုလ်လုပွဲဆီကို တက်လှမ်း သွားခဲ့ ပါတယ် ။

 

အက်သလက်တီကို မက်ဒရစ် အတွက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ကတော့ အသင်းရဲ့ သမိုင်းမှာ ဂိုးအများဆုံး သွင်းယူတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ် ။

 

အပြောင်းအရွှေ့ သတင်းတွေမှာတော့ ဘရိုက်တန် အသင်းဟာ အာဂျင်တီးနား ကလပ် ဘိုကာ ဂျူနီယာ အသင်း ကစားသမား ဗယ်လန်တင်း ဘာကို ကို အပြီးသတ် ခေါ်ယူ နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဘိုကာ ဂျူနီယာ ဟာ စာချုပ် ဖျက်သိမ်းကြေး ဒေါ်လာ ၁၀ သန်း ကို ရရှိမှာ ဖြစ်ပြီး ကစားသမားကတော့ မကြာခင်မှာ အင်္ဂလန်ကို ထွက်လာ လာမယ်လို့ သိရပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် တောင်ပံ ကစားသမား ဂျေဒန် ဆန်ချို ဟာလည်း အသင်းဟောင်း ဒေါ့မွန်ထံ အငှားနဲ့ ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ် ။ ဒေါ့မွန် ဟာ ဆန်ချို ရဲ့ အပြောင်းအရွှေ့ အတွက် ယူရို ၄ သန်း ပေးချေ ခဲ့ရပြီး အငှား ခေါ်ယူခ နဲ့ လုပ်ခလစာ တစိတ်တပိုင်း ပေးချေဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ် ။

 

ဘာစီလိုနာ ခံစစ်မှူး ရိုနယ် အာရူဟို ကတော့ ဘိုင်ယန်မြုးနစ် နဲ့ သတင်းတွေကို ငြင်းဆန် သွားခဲ့ပြီး အပြောင်းအရွှေ့ ကာလတိုင်း ဒီလို အသံတွေ ထွက်ပေါ်နေကျဖြစ်တယ်လို့ ပြောဆိုသွားခဲ့ ပါတယ် ။

 

တော့တင်ဟမ် ဟော့စပါးအသင်းကတော့ ဂျီနိုအာ နောက်ခံလူ ရာဒူ ဒရာဂူဆင် ကို ဆေးစစ်မှု ပြုလုပ် ပြီးစီး သွားပြီလို့ သိရပါတယ် ။ လန်ဒန် ကလပ် ဟာ ဒရာဂူဆင် ကို တနှစ် ယူရို ၃ သန်း ရရှိမယ့် စာချုပ်ကို ၂၀၂၉ ခုနှစ် အထိ ချုပ်ဆိုသွားမယ်လို့ သိရပါတယ် ။

 

ဗစ်ဆယ် ကိုဘေး အသင်းဆီကို ပြောင်းရွှေ့လာ အပြီး ၄ လ အကြာမှာတော့ စပိန် ကွင်းလယ် ကစားသမားကြီး ဟွမ် မာတာ ဟာ ဂျပန် ကလပ် ကနေ ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ် ။ ဒါပေမယ့် မာတာ အနေနဲ့ ဘောလုံး ကစားဖို့ ဆန္ဒ ရှိနေသေးပြီး အသင်းသစ် ရှာဖွေသွားမှာ ဖြစ်ပါတယ် ။

 

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး အန်တိုနီ မာစီရယ် ဟာ အခု ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒ မရှိဘဲ စာချုပ်သက်တမ်း ကုန်တဲ့ အထိ အိုးထရက်ဖိုဒ့် မှာ ဆက်လက် နေထိုင်သွားဖို့ ဆုံးဖြတ်ထားကြောင်း ကြားသိရ ပါတယ် ။

 

ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ လူးကပ်စ် ပါကွေတာ ကတော့ ခြေထောက် ဒဏ်ရာကြောင့် ၆ ပတ် ကနေ ၈ ပတ် ( ၂ လ ) လောက် အနားယူရနိုင်တယ်လို့ ယမန်နေ့ ညပိုင်းတုန်းက သတင်း ပေါ်ထွက်လာခဲ့ ပါတယ် ။

 

SPORTS MYANMAR