ဝက်စ်ဟမ်းနဲ့ ပွဲမှာ တကိုယ်ကောင်း မဆန်ခဲ့တဲ့ ချဲလ်ဆီး စတား တဦးကို ရွေးချယ် ချီးကျူးသွားတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ည ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ခြေအသာ ဂိုးအသာနဲ့ အတူ ၅ – ၀ ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရခဲ့ကာ ၊ ဥရောပဝင်ခွင့် အိပ်မက် ပိုမို ရှင်သန်လာပြီ ဖြစ်ပါတယ် ။

ဒီပွဲမှာ ခြင်္သေ့ပြာတို့ဟာ ကစားရခက်မယ်လို့ ထင်ထားရတဲ့ ဝက်စ်ဟမ်းကို ပွဲပြီးတဲ့အထိ တဖက်သတ် စိုးမိုးခြယ်လှယ် ကစားသွားခဲ့ကာ ၊ ပထမပိုင်းနဲ့တင် ပွဲပြတ်နေခဲ့သည့်တိုင် ကစားအားမချပဲ အင်တိုက်အားတိုက်နဲ့ ပိုမို ကြီးမားတဲ့ ဂိုးရလဒ်အထိကို ဦးတည်သွားခဲ့တာ တွေ့ရပါတယ် ။

ဒါ့အပြင် ပိုပြီး အားရစရာကောင်းလာတာက ချဲလ်ဆီး အသင်းသားတွေ အချင်းချင်းကြား နားလည်မှုနဲ့ အပေးအယူ အချိတ်အဆက်တွေပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ရှေ့ပွဲတွေမှာ တကိုယ်ကောင်း ဆန်ခဲ့ကြတာများတဲ့ တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင် ၊ တောင်ပံကစားသမား နွန်နီ မက်ဒူးကီတို့ဟာ ဒီပွဲမှာ အသင်းလိုက် ဂိုးရဖို့ကို ပိုပြီး ရှေးရှု ဖော်ဆောင်လာခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက မက်ဒူးကီရဲ့ တကိုယ်ကောင်း မဆန်တဲ့ စိတ်ဓာတ် ခံယူချက်ကို ထိပ်ဆုံးက ချီးကျူးသွားပြီး ၊ ၄င်းတို့ဟာ ရာသီကုန်ခါနီးမှာ တိုးတက်မယ့် ခြေလှမ်းကြီး တလှမ်း လှမ်းထားနိုင်ခဲ့ပြီလို့ ကောက်ချက်ချသွားပါတယ် ။

ပိုချက်တီနို က ” နွန်နီကနေ ဂျက်ဆင်ဆီ ဖန်တီးပေးမှုဟာ ကျွန်တော်တို့ သင်ယူလေ့လာခဲ့ပြီး ဖြစ်ကြောင်း ၊ လိမ္မာ ပါးနပ်လာပြီ ဖြစ်ကြောင်း ဖော်ညွှန်းနေတာပါ ။ အဲဗာတန်နဲ့ ပွဲက ပင်နယ်တီ အခြေအနေမှာ ကျွန်တော်တို့ဟာ ဝေဖန်မှုများစွာ ခံခဲ့ရပါတယ် ။ ”

” ဒါပေမယ့် လူငယ် အသင်း တသင်းဟာ အမြဲတမ်း အမှားတွေ လုပ်ဖို့ လိုပါတယ် ။ အမြဲတမ်း တိုးတက်ဖို့ လိုနေသေးတယ် ဆိုတဲ့ ခံစားချက်မျိုး ရနေဖို့ လိုပါတယ် ။ ဒီနေ့မှာ နွန်နီရဲ့ လုပ်ရပ်ကတဆင့် ဒီကစားသမား အစုအဖွဲ့ဟာ တယောက်နဲ့ တယောက် အကြား ယုံကြည်မှု ဘယ်လောက်ထိ ရှိလာလဲ ဆိုတာကို အားလုံး မြင်အောင် ပြသနိုင်ခဲ့ပါတယ် ။ ”

” ဒါဟာ အချိန်ယူဖို့ လိုအပ်တဲ့ တည်ဆောက်မှု ဖြစ်စဉ် တရပ်ပါပဲ ။ ဒါက တလလည်း ကြာနိုင်သလို ၊ ၆လ သို့မဟုတ် တနှစ်လည်း ကြာနိုင်ပါတယ် ။ ဒါပေမယ့် အရေးကြီးဆုံး အရာက သူတို့ဟာ ဒီအခြေခံ သဘောတရားတွေကို စတင် နားလည် တည်ဆောက်လာနိုင်ခြင်း ၊ အစုအဖွဲ့နဲ့ နေထိုင် လှုပ်ရှားရင်း ပြီးပြည့်စုံအောင် ချိတ်ဆက် ကစားလာနိုင်ခြင်း ဖြစ်ပါတယ် ။ ”

” ဒီအတွက် ကျွန်တော် အတော်လေး ကျေနပ်အားရမိပါတယ် ။ ကျွန်တော်တို့ဟာ ဒီဖြစ်စဉ်ရဲ့ တစိတ်တပိုင်းမှာ ပါဝင်နေပါတယ် ။ သူတို့ တိုးတက်အောင် ၊ ပိုပြီး ရင့်ကျက်အောင် ၊ ရှုထောင့်မျိုးစုံကနေ တိုးတက်လာအောင် ကျွန်တော်တို့ ကူညီပေးရမှာပါ ။ ”

” ဒါဟာ ကြီးမားတဲ့ ခြေလှမ်း တရပ်ပါပဲ ။ ဒါဟာ ကျွန်တော်တို့ ရောက်ချင်တဲ့ ခြေလှမ်းမျိုး ဖြစ်ပါတယ် ။ အခုတော့ တခြားသော ရှုထောင့်တွေနဲ့ နည်းစနစ်ပိုင်းတွေမှာ ဆင့်ကဲ တိုးတက်လာဖို့ လုပ်ဆောင်ရပါမယ် ။ ဒါပေမယ့် ဘာအခြေခံ သဘောတရားမှ မရှိပဲနဲ့တော့ ဒီလိုမျိုး ရှုထောင့်တွေကနေ တိုးတက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR