လတ်တလော ခြေစွမ်းကောင်းနေတဲ့ ချဲလ်ဆီး စတား အပေါ် ချီးကျူးရင်း ၊ အာဖရိကဖလား ဆင်နွှဲနေတဲ့ ဂျက်ဆင်ရဲ့ နေရာ အတွက် ဘာတွေစီစဉ်ထားလဲ ဆိုတာ ဖွင့်ဟလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ပွဲဆက် အနိုင်ရထားကာ ၊ ပုံစံကောင်း တချို့ စတင် တည်ဆောက်နေတာကို တွေ့ရပါတယ် ။ ဒါဟာ ငယ်ရွယ်ပြီး ၊ အတွေ့အကြုံ နုတဲ့ ချဲလ်ဆီး စတား အများအပြားရဲ့ ယုံကြည်မှုကို အထောက်အကူ ဖြစ်စေပါတယ် ။

ဒီနိုင်ပွဲတွေအတွင်း ချဲလ်ဆီး အတွက် အားထားခဲ့ရတဲ့ စတား တဦးက ညာနောက်ခံလူ မာလို ဂတ်စ်တိုပဲ ဖြစ်ပါတယ် ။ ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကနေ ကျော်လွန်အပြီး ကစားခွင့် ပြန်ရတဲ့ နယူးကာဆယ်နဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲကနေ စတင်ကာ ဂတ်စ်တို တယောက် ခြေစွမ်းပြသလာနိုင်ခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ ယင်းပြင်သစ်ကြယ်ပွင့်ရဲ့ တစတစ ခြေစွမ်း တိုးတက်လာပုံ အပေါ် အခုလိုပဲ ချီးကျူးစကား ဆိုခဲ့ပါတယ် ။

ပိုချက်တီနို က ” ဟုတ်ပါတယ် ။ သူနဲ့ ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်မိပါတယ် ။ ဒါဟာ အရမ်း ငယ်ရွယ်တဲ့ ကစားသမား တယောက်ပါ ။ သူဟာ သူ့အသက်နဲ့ မလိုက်အောင် ရင့်ကျက်ပုံ ပေါ်ပါတယ် ။ သူဟာ လိုင်ယွန်မှာ ခက်ခဲတဲ့ အခြေအနေ တရပ်ကနေ ဒီကို ရောက်လာတာပါ ။ ဘာလို့လဲဆိုတော့ အဲဒီက နောက်ဆုံး လအနည်းငယ်ကြာ သူ မကစားခဲ့ရသလို ၊ နိုင်ငံသစ် ၊ လ်ိဂ်သစ် တခုမှာ အံဝင်အောင် ကြိုးစားနေရလို့ပါ ။ ”

” သူ ခြေစွမ်းပြနေပြီး ၊ သူနဲ့ ပတ်သက်ကာ ကျွန်တော် အရမ်း ပျော်ရွှင်နေပါတယ် ။ ငယ်ရွယ်တဲ့ ချာတိတ် တယောက် ဖြစ်ပေမယ့် ၊ စိတ်ဓာတ်ခံယူချက်က ကွဲပြားပါတယ် ။ ကျွန်တော်တို့ အနေနဲ့ ဒါကို သဘောတူ နားလည်ဖို့ လိုပါတယ် ။ အင်္ဂလန်က လူငယ်ချာတိတ်တွေ အကြောင်း ကျွန်တော်တို့ အမြဲ ပြောဖြစ်ကြပါတယ် ။ ”

” ဒါပေမယ့် သူဟာ ပြင်သစ်ကနေ ဒီကို ပြောင်းလာရသလို ၊ ဒီမှာ အံဝင်နိုင်ဖို့ ၊ သင်ယူဖို့ ၊ ခြေစွမ်း တိုးတက်ဖို့ လုပ်နေရပါတယ် ။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ လမ်းကြောင်းလေးပေါ်မှာ ရှိနေပါတယ် ။ ရိစ် မကစားပေးနိုင်ချိန် သူ စွမ်းဆောင်ပြနေလို့ ကျွန်တော် အရမ်း ပျော်ရွှင်မိပါတယ် ။ ဒါဟာ အသင်းအတွက် ကောင်းမွန်တဲ့ ပံ့ပိုးမှု တရပ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီးဟာ ဒဏ်ရာရ ကစားသမား များပြားနေတဲ့ကြားက ၊ အထောင်တိုက်စစ်မှူး တဦး ဖြစ်တဲ့ နီကိုးလက်စ် ဂျက်ဆင်ကိုလည်း အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ အတွက် ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့ ပူးပေါင်းခွင့် ပေးထားရပါတယ် ။ ထိုပြိုင်ပွဲဟာ တလသာ ကြာမြင့်မှာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီးဟာ လက်ရှိ ဇန်နဝါရီစျေးကွက် အတွင်း တိုက်စစ်မှူးသစ် ဖြည့်နိုင်တယ် ဆိုတဲ့ ကောလဟလတွေ ထွက်ပေါ်နေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး ပိုချက်တီနို က ” အဲလိုလည်း မဟုတ်သေးပါဘူး ။ ကျွန်တော်တို့ဟာ ကိုယ့်အသင်း အခြေအနေကို အမြဲတမ်း စစ်ဆေးနေပါတယ် ။ ကျွန်တော်တို့ဟာ အသင်းပိုင်ရှင်တွေ ၊ အားကစားဒါရိုက်တာတွေနဲ့ ဒီအကြောင်း အရင်နေ့တွေမှာ သာမက ၊ ဒီနေ့မှာပါ ဆွေးနွေးခဲ့ကြပါတယ် ။ ”

” ကျန်တဲ့ အသင်းတွေလိုပဲ ကျွန်တော်တို့လည်း အခွင့်အလမ်းတွေ ၊ ရွေးချယ်စရာင်္တေ ရှာဖွေကြတာပါပဲ ။ ဘရိုဂျာ ရှိနေလို့ ကျွန်တော် ပျော်ပါတယ် ။ အထောင်တိုက်စစ် တနေရာ အတွက် ကျွန်တော်တို့မှာ ကစားပုံ မတူတဲ့ ကစားသမားတွေ ရှိပါတယ် ။ ”

” ကျွန်တော်တို့ဟာ နိုင်ပွဲတွေ ရဖို့ ဒုတိယ တိုက်စစ်လိုင်းက ကစားသမားတွေရဲ့ သွင်းဂိုးတွေ ၊ အကူအညီတွေ လိုအပ်ပါတယ် ။ လက်ရှိ အသင်းအပေါ် ကျွန်တော် အရမ်း အကောင်းမြင်ထားပါတယ် ။ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ် ။ တခုခု ထူးရင်တော့ ကျွန်တော်တို့ ကြေညာချက် ထုတ်ပြန်မှာပါ ။ ”

” လောလောဆယ်တော့ ရာသီအစတုန်းကလိုပဲ ကျွန်တော်တို့ဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR