ချဲလ်ဆီး စတား ၂ဦးကို ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ခြေစွမ်း အဆိုးရွားဆုံး ကစားသမားတွေ အဖြစ် သတ်မှတ်လိုက်တဲ့ ဂါးလက်စ်

ယခုနှစ် ပရီးမီးယားလိဂ် ရာသီ ပြီးဆုံးဖို့ ပွဲအနည်းငယ်ပဲ ကျန်တော့ပြီး ၊ ဒီရာသီ အတွက် အကောင်းဆုံး ကစားသမားတွေက ဘယ်သူလဲ ၊ အဆိုးရွားဆုံး ကစားသမားတွေက ဘယ်သူလဲ ဆိုတာ ပရိသတ်တွေလည်း မျက်မြင်တွေ့ထားပြီး ဖြစ်ပါတယ် ။

ဒီရာသီ ခြေစွမ်း အညံ့ဆုံး ဖြစ်ထားတဲ့ ကစားသမား အများအပြား ရှိနေပြီး ၊ အာဆင်နယ်နဲ့ ချဲလ်ဆီး နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ သူ့အမြင်အရ ဒီရာသီ ခြေစွမ်း အဆိုးရွားဆုံး ကစားသမားတွေ အဖြစ် ချဲလ်ဆီး ကြယ်ပွင့်တွေ ဖြစ်ကြတဲ့ ရာဟင်း စတာလင်နဲ့ မစ်ခ်ဟိုင်းလို မူဒရစ်တို့ကို ရွေးချယ်ခဲ့ပါတယ် ။

Gambling Zone နဲ့ တွေ့ဆုံရာမှာ ဂါးလက်စ် က ” ရာဟင်း စတာလင်ဟာ ချဲလ်ဆီးကို ရောက်ကတည်းက ကြီးမားတဲ့ စ်ိတ်ပျက်မှု တရပ် ဖြစ်ခဲ့ပါတယ် ။ သူ ကစားတာ ကျွန်တော် ကြည့်တဲ့အခါ သူဟာ လီဗာပူးနဲ့ မန်စီးတီးမှာ ကစားခဲ့တုန်းကလို အဆင့်မျိုး ဘယ်တော့မှ ပြန်ရောက်လာတော့မယ့်ပုံ ပေါ်မနေခဲ့ပါဘူး ။ ”

” ဒါဟာ ဒီကလပ်မှာ ဖြတ်သန်းလာတဲ့ သူ့ရဲ့ ဒုတိယမြောက် ဘောလုံးရာသီ ဖြစ်ပါတယ် ။ သူ ဘာမှ မလုပ်ပြထားသေးပါဘူး ။ ကစားသမား ဘဝ တလျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးလာတဲ့သူ အနေနဲ့ သူဟာ ချဲလ်ဆီး အတွက် ဒီထက် အများကြီး ပိုစွမ်းဆောင်သင့်ပါတယ် ။ ”

” နောက်ပြီး မူဒရစ်ပါ ။ ဒါပေမယ့် အခြေအနေတွေအောက်က သူ့ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်တွေဟာ နည်းနည်းတော့ ကွဲပြားပါတယ် ။ ယူကရိန်းက စစ်ပွဲဟာ သူ့အပေါ် ဘယ်လောက်ထိ သက်ရောက်မှု ရှိနိုင်လဲ ဆိုတာ ကျွန်တော်တို့ မသိကြပါဘူး ။ ဒါက သူ့အတွက် အရမ်း ခက်ခဲမှာ သေချာပါတယ် ။ ”

” သူဟာ ချဲလ်ဆီးမှာ ဘောလုံး ကစားလို့ မပျော်ရွှင်နေတဲ့ပုံပါပဲ ။ သူ ကစားရတဲ့အခါတိုင်း သူ မပျော်ရွှင်နေတာ ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ် ။ ဒါက စိတ်မကောင်းစရာပါ ။ ဘာလို့လဲဆိုတော့ လူတိုင်းက ဒီနှစ်ဟာ သူ အလားအလာကောင်းတွေ ထုတ်ပြမယ့်နှစ်လို့ ယူဆကြလို့ပါ ။ ကျွန်တော်လည်း သူဟာ ဒီနှစ်တော့ မတူညီတဲ့ ကစားသမား တယောက် ဖြစ်လာမယ်လို့ ထင်ခဲ့တာပါ ။ ”

” အခု အခြေအနေမျိုး မူဒရစ် ဘာကြောင့် ဖြစ်နေရလဲ ဆိုတာ ကျွန်တော့ အနေနဲ့ မှတ်ချက်ပေးဖို့ ခက်ပါတယ် ။ ဘောလုံး ကစားတဲ့ နေရာမှာ သူ့ကိုယ်သူ ယုံကြည်မှု ၊ ပျော်ရွှင်မှု မရှိတော့တဲ့ပုံပါ ။ အခြေအနေ အပြောင်းအလဲ တရပ်က ကစားသမား တယောက် အပေါ် ဘာတွေ သက်ရောက်သွားမလဲ ဆိုတာ ကျွန်တော် မသိပါဘူး ။ ”

” အသင်းသစ် တသင်း ပြောင်းလိုက်တာက သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ပြောင်းလဲစေမလား ဆိုတာ ကျွန်တော် မသိပါဘူး ။ သူ့ရဲ့ လူနေမှုဘဝမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကျွန်တော်တို့ တိတိကျကျ မသိရပါဘူး ။ ယူကရိန်း စစ်ပွဲ အခြေအနေကလည်း သူ့အပေါ် အရမ်း ခက်ခဲစေပါတယ် ။ ယူကရိန်းမှာ သူ့မိသားစု ဆက်ရှိနေနိုင်ပါတယ် ။ ”

” သူ့အနားက ကစားသမားတွေနဲ့ သူနဲ့ အတူ နေ့စဉ် နေထိုင်နေတဲ့သူတွေပဲ ဒီအဖြေကို သိကြပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR