နွေရာသီ စျေးကွက် မစမီ တော့ဒ်ဘိုလီနဲ့ ချဲလ်ဆီး ပိုင်ရှင်တွေ ကျူးလွန်မိတဲ့ အမှား တရပ်ကို ထုတ်ဖော်လာတဲ့ အိုဝင်ဟားဂရေ့ဗ်စ်

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၂ခုဆက် ကစားသမားသစ်တွေ ခေါ်ယူရာမှာ ငွေသုံးကြမ်းခဲ့ပြီး ၊ လာမယ့် နွေရာသီမှာလည်း ထိုကဲ့သို့ ငွေကြေး သုံးစွဲမှုတွေ ရပ်တန့်သွားမယ့် ပုံမပေါ်ပါဘူး ။ ဒီတကြိမ်မှာရော ၄င်းတို့ဟာ တက်သစ်စ လူငယ် ကြယ်ပွင့်တွေကိုပဲ စျေးကြီးပေး ခေါ်ယူဦးမှာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ ဝါရင့် ခံစစ်မှူး သီယာဂို ဆေးလ်ဗား တယောက် ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့် အကြောင်း တရားဝင် ထုတ်ပြောလာခဲ့ပြီး ဖြစ်လို့ ချဲလ်ဆီး အနေနဲ့ ၄င်းနေရာမှာ တိုက်ရိုက် အစားထိုး ဝင်ရောက်မယ့် အတွေ့အကြုံရင့် ခံစစ်မှူး တယောက် အနိမ့်ဆုံး ခေါ်ယူဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် ။

သို့ပေမယ့် တော့ဒ်ဘိုလီနဲ့ အမေရိကန် ပိုင်ရှင်တွေရဲ့ ပြီးခဲ့တဲ့ ၂နှစ် အတွင်း ကျင့်သုံးထားတဲ့ အပြောင်းအရွှေ့ ပေါ်လစီ အရ ချဲလ်ဆီးတို့ သီယာဂို ဆေးလ်ဗား နေရာမှာ နောက်ထပ် အတွေ့အကြုံပိုင်း အားနည်းတဲ့ လူငယ်ကြယ်ပွင့် ခံစစ်မှူး တဦးကိုသာ ခေါ်ယူ အားဖြည့်မှာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။

လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနို လာမယ့် ရာသီ အထိ ရာထူး ဆက်တည်မြဲမှု ရှိမရှိက ရာသီသစ် ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ ချဉ်းကပ်ပုံ အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနိုင်ပေမယ့် ၊ တချို့ကတော့ ဝါရင့် ကစားသမားတွေ နည်းပါးနေတဲ့ကြားက အခုလို သီယာဂို ဆေးလ်ဗားကို ထွက်ခွင့်ပေးလိုက်တာက မှားယွင်းတယ်လို့ ဝေဖန်ထောက်ပြကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရေ့ဗ်စ်ကလည်း ဆေးလ်ဗားဟာ အတွေ့အကြုံ နည်းပြသေးတဲ့ ချဲလ်ဆီး ကြယ်ပွင့် ခံစစ်မှူးတွေ အတွက် စံပြ ပုဂ္ဂိုလ် တဦး ဖြစ်တာကြောင့် ယင်းဘရာဇီးသားကို ထွက်ခွာခွင့် ပေးခဲ့ရမှာ မဟုတ်ဘူးလို့ သုံးသပ်သွားပါတယ် ။

Premier League Production နဲ့ တွေ့ဆုံရာမှာ ဟားဂရ့ဗ်စ် က ” ချဲလ်ဆီးဟာ သူ့ကို ဆက်ထိန်းခဲ့သင့်ပါတယ် ။ ဒီရာသီ သူတို့ ရုန်းကန်နေရတဲ့ အကြောင်းအရင်းက သူတို့မှာ ဦးဆောင်နိုင်သူတွေ ၊ အတွေ့အကြုံရင့် ကစားသမားတွေ မရှိတာကြောင့်ပါ ။ သူ့လို ကစားသမားတွေ ဒီထက်တောင် ပိုပြီး လိုအပ်တာပါ ။ လျှော့ချရမှာ မဟုတ်ပါဘူး ။ ”

” ခင်ဗျားဟာ သူ့လိုမျိုး ချန်ပီယံလိဂ်ဖလား ရဖူးပြီးတော့ သမိုင်းတလျှောက် အကောင်းဆုံး ခံစစ်မှူး စာရင်းဝင် ကစားသမား တယောက်ကို လက်လွှတ်လိုက်လို့ မရပါဘူး ။ သူဟာ ဒီအလားအလာရှိတဲ့ လူငယ် ခံစစ်မှူးတွေ ဖြစ်ကြတဲ့ ကိုဝဲလ် ၊ ဘတ်ဒီယာရှီးလ် ၊ ဒီဆာဆီတို့ကို ထိန်းကျောင်းပေးဖို့ သူ့ကို ဆက်နေခိုင်းရမှာပါ ။ ”

” သီယာဂို ဆေးလ်ဗားလို ကစားသမားမျိုး အဝတ်လဲခန်းထဲမှာ ရှိတာက အဖိုးမဖြတ်နိုင်ပါဘူး ။ သီယာဂိုလို အရင်တုန်းကလည်း စွမ်းဆောင်ပြလာဖူးတဲ့ ကစားသမားမျိုးဟာ တကယ့် အဆုံးအဖြတ် အခိုက်အတန့်တွေမှာ ဘယ်တော့မှ မတွေဝေသွားပါဘူး ။ ”

 

” သူ ကစားပေးနိုင်တုန်းပါပဲ ။ သူ ဘရာဇီးကို ပြန်ပြီး အခြေချ ကစားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ခင်ဗျားဟာ လူငယ် ကစားသမား တယောက် အနေနဲ့ ဖြတ်သန်းတဲ့အခါ သူ့လို သင်ပြပေးမယ့် သမ္ဘာရင့် တယောက် ရဖို့က အရေးကြီးပါတယ် ။ သူဟာ လူငယ်တွေ အတွက် အကောင်းဆုံး ဆရာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR