မစ်ဒယ်ဘရော့နဲ့ မရင်ဆိုင်မီ ချဲလ်ဆီး အသင်းသား ၂ဦးရဲ့ နောက်ဆုံးရ ဒဏ်ရာ အခြေအနေ အကြောင်း အသိပေးလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့ညမှာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပါတယ် ။ ဒီပွဲမှာလည်း ချဲလ်ဆီးတို့ အင်အားစုံ ရှိနိုင်ဦးမှာ မဟုတ်ပေမယ့် ၊ ပရက်စတန်နဲ့ ပွဲကလို တောင့်တင်းတဲ့ ပွဲထွက်စာရင်းကို ဆက်လက် ထုတ်သုံးလာဖို့ မျှော်မှန်းရပါတယ် ။

စနေနေ့မှာ ဖူလ်ဟမ် အသင်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲ ကစားဖို့ ရှိနေသေးတာကြောင့် ပရက်စတန်ကို ၄ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲထွက်စာရင်းကို ခြင်္သေ့ပြာတို့ အနည်းအကျဉ်းတော့ အပြောင်းအလဲ ထပ်လုပ်ဖွယ် ရှိနိုင်ပါတယ် ။

သို့ပေမယ့် ဒဏ်ရာရ ကစားသမားတွေထဲ ဘယ်သူမှ ပြန်လာဖို့ မနီးစပ်နေတာကြောင့် ၊ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို အနေနဲ့ ရွေးချယ်စရာ များများစားစား မရှိနေပါဘူး ။ မကြာသေးခင်ကမှ အသေးစား ဒဏ်ရာ တခု ရသွားတဲ့ ပြင်သစ် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူဟာ ယနေ့ညပွဲကို ဆင်နွှဲနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနို က အန်ကွန်ကူရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး ” မနက်ဖြန် ဆီမီးဖိုင်နယ် အတွက် ကျွန်တော်တို့ အသင်းစာရင်းက ပြီးခဲ့တဲ့ ပွဲကနဲ့ အတူတူပါပဲ ။ ထွေထွေထူးထူး အပြောင်းအလဲ မရှိပါဘူး ။ ”

” ခရစ်တိုဖာ အန်ကွန်ကူရဲ့ ဒဏ်ရာက အရင် ဒဏ်ရာနဲ့ မသက်ဆိုင်ပါဘူး ။ ဒါက မတူညီတဲ့ ပြဿနာ တရပ်ပါ ။ တင်ပဆုံက တစ်ရှူးသေး တခုမှာ ဖြစ်တာပါ ။ ဒူးနေရာမှာ ပြန်ဖြစ်တာ မဟုတ်ပါဘူး ။ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂရုပြုနေရပါတယ် ။ ဘာလို့လဲဆိုတော သူဟာ ကာလရှည် ဒဏ်ရာကနေ ၆လကြာမှ ပြန်လာတာမို့ပါ ။ ”

” အဲဒီနောက် သူ ပွဲအနည်းငယ်မှာ ပါဝင်ကစားပေးခဲ့ပါတယ် ။ မနက်ဖြန်ပွဲကို သူပါနိုင်ဦးမှာ မဟုတ်ပါဘူး ။ လာမယ့် စနေနေ့ ပွဲကိုတော့ တချက် စောင့်ကြည့်ရပါမယ် ။ ကျွန်တော်တို့ သေချာ မပြောတတ်သေးပါဘူး ။ သတိတော့ထားရပါမယ် ။ သူ အချိန် အကြာကြီး မနားရဖို့တော့ မျှော်လင့်ပါတယ် ။ ”

” လောလောဆယ်တော့ သူ ထရိန်နင် မဆင်းနေပါဘူး ။ ဒဏ်ရာကနေ နာလန်ထူနိုင်ဖို့သာ ကြိုးစားလုပ်ဆောင်နေပါတယ် ။ ဒါက ကြီးမားတဲ့ ပြဿနာတော့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပိုချက်တီနိုဟာ ဒဏ်ရာရတာ ရက်သတ္တပတ် ၃ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်တဲ့ ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ရဲ့ နောက်ဆုံးရ အခြေအနေကိုလည်း အခုလိုပဲ အသိပေးလာပါတယ် ။

ပိုချက်တီနို က ” ဒီမှာကြည့် ၊ ကျွန်တော်တို့ သူနဲ့ တွေ့ခဲ့ပါတယ် ။ သူဟာ ဒဏ်ရာ စစ်ဆေးပြီး ပြန်လာတာပါ ။ အသင်းက ဆရာဝန်တွေနဲ့လည်း တွေ့ပြီး ဒဏ်ရာကို ထပ်မံစစ်ဆေးကြည့်ဖို့ ၊ ရှေ့ဆက် တိုးတက်လာဖို့ ဆုံးဖြတ်ချက် ချဖို့ လိုပါသေးတယ် ။ ”

” ဒဏ်ရာကနေ ခပ်မြန်မြန် ကောင်းလာစေဖို့ သူ့ကို ထရိန်နင်နဲ့ နည်းနည်း ဝေးဝေးမှာ ထားဖို့ လိုပါမယ် ။ ဒီနေ့မနက် ဒဏ်ရာစစ်ဆေးချက် ပြီးသွားရင် ကျွန်တော်တို့မှာ ပြတ်သားတဲ့ အိုင်ဒီယာ တခုခု ရလာပါလိမ့်မယ် ။ ခွဲစိတ်ဖို့ လိုသလား ? No ပါ ။ ကုသမှု ခံယူတဲ့ နေရာမှာ သူ ဘယ်လိုဘယ်ပုံ နာလန်ထူမလဲ ဆိုတာပဲ ကြည့်ရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR