ဒဏ်ရာက ပြန်လာပြီးနောက် စတင်ကစားရတဲ့ ပထမဆုံးပွဲမှာ ဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်း အပေါ် ပက်ဂွာဒီယိုလာရဲ့ မှတ်ချက်

 

မန်စီးတီး အသင်းရဲ့ အားထားရတဲ့ ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းဟာ မနေ့ညက ကစားသွားတဲ့ ဟက်ဒါစ်ဖီးလ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ကာလရှည် တံကောက်ကြော ဒဏ်ရာက ပြန်လာအပြီး ပထမဆုံး အကြိမ် လူစားဝင်ခွင့်ကို စတင်ရရှိခဲ့ပါတယ် ။

ယင်းဘယ်လ်ဂျီယမ် စူပါစတားဟာ ဒဏ်ရာက ပြန်လာလာချင်းမှာပဲ စီးတီး အတွက် ချက်ချင်းဆိုသလို တဂိုး စတင် ဖန်တီးပေးသွားပါတယ် ။ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ စီးတီး နည်းပြ ဖြစ်သူ ပက်ဂွာဒီယိုလာက ဒီဘရိုင်း ပြန်လာနိုင်လို့ ဘယ်လောက်ထိ ဝမ်းမြောက်နေလဲ ဆိုတာ အခုလိုပဲ မှတ်ချက်ပေးသွားပါတယ် ။

ဂွာဒီယိုလာ က ” သူဟာ တကယ်ကောင်းတဲ့ မိနစ် တချို့ကို ကစားခဲ့ပါတယ် ။ သူ့ကို ဒုတိယပိုင်းမှာ သုံးတာက ပိုကောင်းတယ်လို့ ကျွန်တော်တို့ ယူဆခဲ့ပါတယ် ။ ပြိုင်ဖက်ဟာ ပထမပိုင်းမှာ ခံစစ် အထူး ပိတ်ဆို့ ကစားခဲ့သလို ၊ နေရာလွတ်တွေကလည်း အတော်လေး ရှာရခက်ခဲခဲ့တာကြောင့် ၊ ဒုတိယပိုင်းမှ ကျွန်တော်တို့ နေရာလွတ် ပိုရခဲ့ပါတယ် ။ ”

” ရှေ့က သတင်းစာ ရှင်းလင်းပွဲတွေမှာ ပြောခဲ့သလိုပါပဲ ၊ ကယ်ဗင်ဟာ နောက်ထပ် လေ့ကျင့်ရေး အစီအစဉ်တွေ ထပ်ပြီး ဖြတ်သန်းဖို့ လိုပါသေးတယ် ။ ပွဲကစားခွင့်တွေထက်တောင်ပေါ့ ။ အခုတော့ နယူးကာဆယ်နဲ့ ပွဲဟာ သူ့ကို အသုံးပြုဖို့ ကျွန်တော်တို့ အတွက် နောက်ထပ် အခွင့်အရေး တရပ် ဖြစ်ပါတယ် ။ ”

” အဲဒီနောက် ၂ပတ်ကြာ ထရိန်နင် ကာလ ဖြတ်သန်းရမှာ ဖြစ်ပြီး ၊ ဒုတိယ ရာသီဝက် အတွက် အသင့်ဖြစ်အောင် ပြင်ဆင်ကြရပါမယ် ။ ဒါပေမယ့် ကယ်ဗင် ပြန်လာနိုင်တာ ကျွန်တော် အတော်လေး ပျော်ရွှင်မိပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ခင်ဗျားကို နိုင်ပွဲ ရှာပေးနိုင်လို့ပါ ။ ကယ်ဗင် ၊ ဟာလန်း ၊ ဖီးလ်ဖိုဒန် … ဒီကစားသမားတွေဟာ ကျွန်တော်တို့ အတွက် အရေးကြီးပါတယ် ။ ”

” ဒီပွဲကနေ ကယ်ဗင်ဟာ ပရိသတ်တွေက သူ့အပေါ် ဘယ်လောက်ထိ ချစ်ကြလဲ ဆိုတာ ခံစားမိမှာ ဖြစ်သလို ၊ ဒီလို အပြန်အလှန် နားလည်မှုက ထာဝရ ရှိသွားမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ပက်က ဒီဘရိုင်း အပေါ် ဖိအားတွေ အများကြီး ပေးမှာ မဟုတ်ဘူးလို့လည်း တုန့်ပြန်လာပါတယ် ။

ဂွာဒီယိုလာ က ” ကယ်ဗင်ဟာ ကျွန်တော်တို့မှာ ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ မဟုတ်ပါဘူး ။ ကျွန်တော်တို့ အတူတကွ မရှိနေသ၍ အောင်ပွဲတွေ ရမှာ မဟုတ်ပါဘူး ။ ကယ်ဗင်ဟာ သူ့ရဲ့ အရည်အချင်းတွေနဲ့ ကျွန်တော်တို့ကို ကူညီပေးပါလိမ့်မယ် ။ သူဟာ ဖိအားဒဏ်တွေကို ကိုင်တွယ်နိုင်ပါတယ် ။ ဒါကို ကျွန်တော်တို့ သိပါတယ် ။ ”

” ဒါပေမယ့် ကယ်ဗင်ရဲ့ ပခုံးပေါ်မှာ ကျွန်တော် ဖိအားတွေ မတင်ပေးချင်ပါဘူး ။ ဘာလို့လဲဆိုတော့ ဒါက သူ့အတွက် မျှတမှု မရှိလို့ပါ ။ သူ့မှာ ရှာဖွေရခက်ခဲတဲ့ စပါယ်ရှယ် အရည်အသွေး တခု ရှိပါတယ် ။ ကျွန်တော်တို့ဟာ သူ့အကြောင်း အချိန်အကြာကြီး သိထားတာပါ ။ ”

” ကျွန်တော်တို့မှာ အာလင်း ၊ ဖီးလ် ၊ ဘော့ဘ် ၊ ဒိုကူနဲ့ မက်တဲယက်စ်တို့လို ပြိုင်ဖက် ခံစစ်ဆီ တိုးဝင်ပြေးနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ် ။ သူတို့အတွက် ဘောလုံး ဖြန့်ပေးနိုင်တဲ့ ကစားသမားတွေလည်း ရှိနေပါတယ် ။ ကယ်ဗင်ဟာ ဒီနေရာမှာ တမူထူးခြားအောင် တော်ပါတယ် ။ ”

” ဒါကြောင့် ဒဏ်ရာကနေ ၃ ၊ ၄လ အကြာ သူ ပြန်လာနိုင်တာ ၊ ဒီနေ့မှာ စိတ်သစ်ကိုယ်သစ်နဲ့ မိနစ် တချို့ ကစားပေးနိုင်ခဲ့တာ ၊ ၅ဂိုးမြောက် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝမ်းမြောက်ကျေနပ်မိတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR