အဆုံးသတ်စွမ်းရည် တိုးတက်ဖို့ ကြိုးစားရန် လီဗာပူးစတားကို တိုက်တွန်းလိုက်တဲ့ ရှီးယားရား

အလန်ရှီးယားရားက ဒါဝင်နူးနက် အနေနဲ့ ၎င်းရဲ့ အဆုံးသတ်စွမ်းရည်ကို ဒီထက်ကောင်းအောင် ကြိုးစားရလိမ့်မယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူး ပရိတ်သတ်တွေဟာ နူးနက်ရဲ့ မဆုတ်မနစ် ကြိုးစားမှု နဲ့ ပြင်းထန်တဲ့ စိတ်ဓာတ်တွေကြောင့် ချစ်ခင်ကြပေမယ့်လည်း ဂိုးရှေ့မှာ ၎င်းရဲ့ အဆုံးသတ်စွမ်းရည်တွေကတော့ အားမလိုအားမရ ဖြစ်စရာ ဖြစ်နေပါတယ်။

နူးနက်ဟာ အရမ်းကောင်းတဲ့ ဂိုးတွေ သွင်းယူနိုင်စွမ်း ရှိသူ ဖြစ်တဲ့ အပြင် ၎င်းရဲ့ ပြေးအား တိုးအား ရုန်းအားတွေနဲ့ ပြိုင်ဘက် ခံစစ်ကြောင်းကို ဖရိုဖရဲဖြစ်အောင် လုပ်နိုင်စွမ်းရှိသူ ဖြစ်ပေမယ့်လည်း ဂိုးရှေ့မှာ အခွင့်အရေးများစွာ ဖြုန်းတီးမှုတွေ ရှိနေပါတယ်။

လက်ရှိအချိန်မှာ လီဗာပူးရဲ့ အဓိက ဂိုးသွင်းသူ ဆာလားက အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်တော့မှာ ဖြစ်တာကြောင့် ၎င်းမရှိတဲ့ ကာလတွေမှာ နူးနက် အနေနဲ့ step up လုပ်ရန် လိုအပ်နေပါတယ်။

ရှီးယားရားက “တစ်ပတ်မှာတော့ ကျနော်က ‘Wow! သူဟာ တကယ့် amazing ကစားသမားပဲ။ ဂိုးရှေ့မှာ တအား ကောင်းသလို လှပတဲ့ဂိုးတွေလည်း သွင်းယူနိုင်တဲ့သူပဲ’ ဆိုပြီး တွေးမိပါတယ်။ ဒါပေမယ့် နောက်တပတ်လည်း ရောက်ကော သူဟာ ဂိုးသွင်းရန် လွယ်ကူတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ပါတယ်။

သူနဲ့ ပက်သက်ပြီး ကျနော် ကြိုက်တဲ့ အချက်က နူးနက်ဟာ ဘာတွေပဲဖြစ်ဖြစ် ကြောက်ရွံတုန်လှုပ်သွားတာမျိုး မရှိပါဘူး။ သူ့အနေနဲ့ ဒီစိတ်ဓာတ်မျိုးကို ဆက်ထိန်းထားရမှာပါ။ ဒါပေမယ့် သူ လုပ်သွားရမှာကတော့ သူ့ရဲ့ အဆုံးသတ်စွမ်းရည် နဲ့ သွင်းဂိုး ပမာဏကို တိုးတက်အောင် လုပ်သွားဖို့ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူ ရရှိနေတဲ့ အခွင့်အရေး ပမာဏနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် သူဟာ အခွင့်အရေး လွဲချော်မှုတွေ တအားကို များပြားနေလို့ ဖြစ်ပါတယ်။

သူဟာ လျှင်မြန်လှသလို ဂိုးသွင်းနိုင်တဲ့ နေရာကောင်းတွေမှာ အမြဲတမ်း ရှိနေအောင် လုပ်ထားနိုင်ပါတယ်။ နူးနက် အနေနဲ့ ဒီလောက် offside တွေ အများကြီး မရအောင်လည်း လုပ်လို့ ရပါတယ်။ သူ့အနေနဲ့ စက္ကန့်ပိုင်းလေး စောင့်လို့ ရပါတယ်။ ဒါတွေဟာ သူ့ကို ဂိုးတွေ ပိုရစေမှာပါ။” လို့ ဆိုလိုက်ပါတယ်။