နောက်ဆုံးရ အားကစား သတင်းများ

မနေ့ညက ကစားခဲ့တဲ့ FA Cup ပွဲစဉ်တွေမှာတော့ အာဆင်နယ် အသင်းဟာ လီဗာပူး အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပါတယ် ။ လီဗာပူး အတွက် ဂိုးတွေကိုတော့ အာဆင်နယ် ကစားသမားလေး Kiwior က မိနစ် ၈၀ အရောက်မှာ Own Goal သွင်းမိခဲ့တာဖြစ်ပြီး ၉၀+၅ မှာ လူးဝစ် ဒီယာ့ဇ် က နောက်တဂိုး သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ် ။

 

ဒီပွဲမှာ မပါဝင်ခဲ့တဲ့ လီဗာပူး အသင်းခေါင်းဆောင် ဗာဂျယ် ဗန်ဒိုက် ကတော့ ဒဏ်ရာ ရရှိနေတာ မဟုတ်ဘဲ ဖျားနာနေတာကြောင့်လို့ ကလပ် အသင်းဘက်က အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ် ။

 

မန်စီးတီး ကလည်း လူတန်တောင်း အသင်းကို ၅-၀ နဲ့ ဂိုးပြတ် အနိုင်ကစားခဲ့ပါတယ် ။ ဒီပွဲမှာ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူနေရတဲ့ မန်စီးတီး ကွင်းလယ်ဖန်တီးရှင် ကယ်ဗင် ဒီဘရိုင်းနား ပြန်လည် ပါဝင်လာခဲ့ပြီး လူစားဝင် အပြီးမှာပဲ ဂိုးဖန်တီးမှု တခု ပြုလုပ်ပေးသွားနိုင်ခဲ့ပါတယ် ။

 

အီတလီ စီးရီးအေ မှာတော့ ရိုးမား နဲ့ အတ္တလန်တာ တို့ ၁ ဂိုးစီ သရေရလဒ် ပေါ်ထွက်ခဲ့ပါတယ် ။

 

ပြင်သစ် ဖလား ပွဲစဉ်မှာတော့ PSG ဟာ ရီဗဲလ် အသင်းကို အဝေးကွင်းမှာ ၉-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ပြီး ဘာပေ က ဟက်ထရစ် သွင်းယူပေးသွားခဲ့ပါတယ် ။

 

တူရကီကလပ် ဖီနာဘာချီ အသင်းဟာ ယူနီယံ ဘာလင် အသင်းရဲ့ ခံစစ်မှူးကြီး ဘိုနူချီ ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ် ။

 

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အသင်းရဲ့ သွင်းဂိုးတွေ ခက်ခဲနေမှုကြောင့် တိုက်စစ်မှူးသစ် ခေါ်ယူဖို့ အစီအစဉ် ရှိနိုင်မလားဆိုတဲ့ မေးခွန်းကို ငြင်းဆန်သွားခဲ့ပြီး လက်ရှိ အသင်းက ကစားသမားတွေကို တိုးတက်အောင် ဦးစွာ လုပ်ဆောင်သွားမယ်လို့ ဖြေဆိုခဲ့ပါတယ် ။

 

ဒေါ့မွန် အသင်းကတော့ ချဲလ်ဆီး လူငယ် ကစားသမားလေး အီယန် မတ်ဆန် ကို အငှား ခေါ်ယူဖို့ ကမ်းလှမ်း ထားတယ်လို့လည်း သိရပါတယ် ။

 

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဂျီနိုအာ ကစားသမား ရာဒူ ဒရာဂူဆင် ကို ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းတွေ ပိုင်ဆိုင်နေပြီလို့ ကြားသိရပါတယ် ။ စပါး ဟာ လိဒ်ယူနိုက်တက် ကနေ ပြန်ခေါ်ထားတဲ့ နောက်ခံလူ ဒီဂျပ် စပန့်စ် ကိုလည်း အငှားပြန်စေလွှတ်ဖို့ အစီအစဉ် ရှိထားတယ်လို့ သိရပါတယ် ။

 

SPORTS MYANMAR