လူတန်ကို မထင်မှတ်ထားပဲ ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတဲ့ အပေါ် မှတ်ချက်ပေးလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ မနေ့ည အစောပိုင်းက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန်ထဲက တန်းတက် လူတန်တောင်း အသင်းကို ၃ – ၀ နဲ့ ဦးဆောင်နေခဲ့ပြီးမှ ၊ ပွဲပြီးခါနီး ၁၀မိနစ် အတွင်း ၂ဂိုး ပေးခဲ့ရတာကြောင့် အနိုင်ရလဒ်ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီးဟာ တတိယ ဦးဆောင်ဂိုး ရတဲ့ အချိန်အထိ ပွဲကို ခံစစ်ပိုင်းအရ အတိုင်းအတာ တရပ် အထိ ကျစ်ကျစ်လျစ်လျစ် ချုပ်ကိုင်ထားနိုင်ခဲ့ပေမယ့် ၊ ၃ဂိုး ရအပြီး ခံစစ်ကို ထပ်မဖြည့်ခဲ့သလို ၊ အာရုံစူးစိုက်မှုတွေ လျော့ကျခဲ့တာကြောင့် ဖြတ်တင်ဘောတွေကနေ ဂိုးတွေ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက လွယ်လင့်တကူ နိုင်ခဲ့ရမယ့် ပွဲမှာ မထင်မှတ်ပဲ ခက်ခက်ခဲခဲ ကစားပြီးမှ ၂၀၂၃ကို ပြည်ဖုံးကာ ချနိုင်ခဲ့တဲ့ အပေါ် အခုလိုပဲ မှတ်ချက်ပေးလာပါတယ် ။

ပိုချက်တီနို က ” အသင်းရဲ့ စွမ်းဆောင်ရည် အပေါ် ကျွန်တော် အရမ်း ကျေနပ်ပါတယ် ။ ဘာလို့လဲဆိုတော့ ဒါက ဘယ်တော့မှ မလွယ်ကူလို့ပါ ။ ဒီနေ့ပွဲကို ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ခဲ့ပါတယ် ။ ဒုတိယပိုင်း ပွဲချိန် မိနစ် ၆၀ – ၆၅ မိနစ်အထိ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ”

” ခြုံပြောရရင် ကျွန်တော်တို့က ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ၊ ဒီရလဒ်နဲ့ အပြည့်အဝ ထိုက်တန်ခဲ့ပါတယ် ။ အပေါင်းလက္ခဏာ ဆောင်တဲ့ စွမ်းဆောင်ရည် အများကြီး မြင်ခဲ့ရပါတယ် ။ ဂိုးစပေးလိုက်ရရင်တော့ ခင်ဗျားဟာ ပြိုင်ဖက်ရဲ့ ယုံကြည်မှုကို တည်ဆောက်ခွင့် ပေးသလို ဖြစ်သွားပါမယ် ။ ”

” ပရီးမီးယားလိဂ်ဟာ ဒီလိုမျိုးပါပဲ ။ အာဆင်နယ် ၊ လီဗာပူး ၊ စီးတီး ၊ နယူးကာဆယ် စတဲ့ အင်အားတောင့်တင်းတဲ့ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲမျိုးတွေမှာ ခင်ဗျားဟာ ခက်ခဲမှု အဆင့်အတန်းကို ကြိုတင် နားလည်ပြီးသား ဖြစ်ပါတယ် ။ ”

” ဒီနေ့ ပြိုင်ဖက် အသင်းဟာ ကိုယ့်ရဲ့ ကစားဟန် ၊ အသင်းသားတွေ အပေါ် ယုံကြည်မှု အပြည့် ရှိပြီး ၊ အရမ်းတော်တဲ့ နည်းပြ တဦးကို ပိုင်ဆိုင်ထားတာကြောင့် ဒီမှာ လာကစားရတာက ခက်ခဲပါတယ် ။ ဒီနေ့ပွဲကနေ အနိုင် ၃မှတ် ကျွန်တော်တို့ လိုအပ်ခဲ့ပြီး ၊ ကိုယ်လိုချင်တာကို ရခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ” ဒီပွဲကို အနိုင်ရဖို့ အကြောင်း စိတ်လှုပ်ရှားခဲ့ရတာပေါ့ဗျာ ။ ခင်ဗျားဟာ ဒီပွဲကို အနိုင်ရချင်ပြီး ၊ ကွင်းဘေးစည်းကနေ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အသင်းကို ကူညီပေးဖို့ ကြိုးစားရပါတယ် ။ အဆုံးမှာတော့ ဒါက အသင်းသားတွေ ခြေစွမ်းပြဖို့ ၊ မတူညီတဲ့ အခြေအနေတွေမှာ ပွဲကို ထိန်းချုပ်နိုင်ဖို့နဲ့ပဲ သက်ဆိုင်ပါတယ် ။ ”

” ဘောလုံးဟာ စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်ပါတယ် ။ ခင်ဗျားဟာ ၃ – ၀ နဲ့ အနိုင်ရနေသည့်တိုင် ၊ တခုခု ဖြစ်လာလို့ အမြဲ စိတ်အာရုံထွေပြားနေရင် ကိုယ့်ကိုယ်ကို ခက်ခဲတဲ့ အခြေအနေ တရပ်ဆီ တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ် ။ အဲဒီနောက် ကျွန်တော်တို့ ချေပဂိုး တဂိုး စပေးခဲ့ရပါတယ် ။ ဒါက ပုံမှန်ပါပဲ ။ ”

” အဲဒီကနေတဆင့် ကျွန်တော်တို့ဟာ ပြိုင်ဖက်ကို ယုံကြည်မှု တည်ဆောက်ခွင့် ပေးလိုက်မိပါတယ် ။ ပရီးမီးယားလိဂ်မှာ ဒီလိုပွဲမျိုး အများကြီး ဖြစ်တတ်ပါတယ် ။ ပြီးခဲ့တဲ့ ဘရိုက်တန် – တော့တင်ဟမ် ပွဲမှာတောင် ၄ – ၀ နဲ့ ပြီးပြီ ထင်ခဲ့ပေမယ့် ၊ ၄ – ၂ ဖြစ်သွားခဲ့ပါတယ် ။ ဒါကြောင့် ပရီးမီးယားလိဂ်က ခက်ခဲတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR