ချဲလ်ဆီးရဲ့ လက်ကျန် ၄ပွဲက အနိုင်ရဖို့ လွယ်ကူနိုင်ခြေ ရှိတဲ့ အပေါ် မှတ်ချက်ပေးလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်ရာသီ သိမ်းဖို့ အတွက် လက်ကျန် ၄ပွဲသာ ကစားဖို့ လိုတော့ပြီး ၊ ယင်း၄ပွဲလုံးဟာ ခြင်္သေ့ပြာတို့ အနိုင်ရနိုင်ခြေ ရှိတဲ့ ပွဲတွေ ဖြစ်ပါတယ် ။ အထူးသဖြင့် ဝက်စ်ဟမ်း ၊ နော်တင်ဟမ် ဖောရက်စ် ၊ ဘရိုက်တန်နဲ့ ဘုန်းမောက် အသင်းတွေဟာ ချဲလ်ဆီးထက် ရပ်တည်မှု နိမ့်နေတဲ့ အသင်းတွေ ဖြစ်ပါတယ် ။

ဒီတော့ ဒါတွေ ချဲလ်ဆီး အတွက် မနိုင်မဖြစ် နိုင်သင့်တဲ့ ပွဲတွေလို့ ဆိုရမှာ ဖြစ်ပြီး ၊ မနက်ဖြန် စတမ်းဖို့ဒ်ဘရစ်ခ်ျမှာတော့ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ ဆင်နွှဲသွားဖို့ ရှိပါတယ် ။ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ လက်ကျန် ပရီးမီးယားလိဂ် ၄ပွဲနဲ့ ပတ်သက်ကာ သူ့အမြင်ကို အခုလိုပဲ ထုတ်ဖော်ပြောဆိုလာပါတယ် ။

ပိုချက်တီနို က ” ဒါတွေက အန္တရာယ် အရှိဆုံး ပွဲတွေပါ ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ တူညီတဲ့ စိတ်ဓာတ် ခံယူချက်မျိုး ထားဖို့ လိုတာကြောင့်ပါ ။ ဝက်စ်ဟမ်းဟာ တောင့်တင်းမှု ရှိတဲ့ အသင်း တသင်း ဖြစ်ပါတယ် ။ ကြီးကျယ်တဲ့ ကြံ့ခိုင်မှု အသားပေး အသင်း ဖြစ်ပါတယ် ။ ”

” သူတို့ဟာ အံ့သြဖွယ် ရာသီ တခုကို ဖြတ်သန်းနေတာပါ ။ သူတို့ဟာ ဥရောပ ပြိုင်ပွဲမှာလည်း ကောင်းကောင်း ယှဉ်ပြိုင်ထားနိုင်ခဲပြီး ၊ ကျွန်တော်တို့ အနေနဲ့ ဒီပွဲအတွက် နာလန်ထူဖို့ လိုပါတယ် ။ နောက်ထပ် လန်းဆန်းနေတဲ့ ကစားသမား တချို့နဲ့ အပြောင်းအလဲ လုပ်ဖို့ လိုကောင်းလိုနိုင်ပါတယ် ။ ”

” ဝက်စ်ဟမ်းဟာ ဒီပွဲအတွက် တပတ်လုံး ပြင်ဆင်ချိန် ရထားတာပါ ။ ဒါကြောင့်မို့ လက်ကျန်ပွဲတွေဟာ အန္တရာယ် အရှိဆုံး ဖြစ်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာ ချဲလ်ဆီးဟာ ဥရောပ ဝင်ခွင့် တနေရာ အတွက် မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ်တို့နဲ့ လက်ကျန် ရက်သတ္တပတ် အနည်းငယ် အတွင်း ပြိုင်ဆိုင်ရမှာ ဖြစ်ပါတယ် ။

ဆုဖလား လက်မဲ့ ဖြစ်တဲ့ ဘောလုံးရာသီ တခုမှာ မနှစ်ကထက် အခြေအနေ မဆိုးစေဖို့ ခြင်္သေ့ပြာတို့ အနေနဲ့ အနိမ့်ဆုံး ကွန်းဖရန့်လိဂ် ဝင်ခွင့် ရဖို့တော့ လိုအပ်နေပါတယ် ။

ယူရိုပါလိဂ် ဝင်ခွင့် တနေရာမှာ ရှိနေတဲ့ မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ၃မှတ် ကွာနေသည့်တိုင် ၊ သရဲနီတို့ဟာ အမှတ်ပေး ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေတဲ့ ဇယားထိပ်က အာဆင်နယ်နဲ့ ရင်ဆိုင်ဖို့ ကျန်နေသေးတာကြောင့် ခြေချော်ခဲ့သည့်ရှိသော် ၊ ခြင်္သေ့ပြာတို့ အခွင့်ကောင်း ယူနိုင်အောင် လက်ကျန် ၄ပွဲလုံးမှာ အမှတ်ပြည့် စွမ်းဆောင်နိုင်ဖို့ လိုနေပါတယ် ။

သို့ပေမယ့်လည်း လက်ရှိ ချဲလ်ဆီးမှာ ဒဏ်ရာ ပြဿနာ အရေအတွက်က အသင်း တသင်းစာ ကျော်လွန်နေတာကြောင့် ရမှတ်ပြည့် ပွဲတိုင်း ရနိုင်ဖို့က သံသယ ဝင်စရာ တချို့ ရှိနေပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးလည်း ပိုချက်တီနိုက အခုလို မှတ်ချက်ပြုထားပါတယ် ။

ပိုချက်တီနို က ” ကျွန်တော်တို့ ကစားသမားတွေကို အပြစ်တင်လို့ မရပါဘူး ။ ကြုံနေရတဲ့ အခြေအနေတွေကို အပြစ်တင်ရပါမယ် ။ ကစားသမားတွေဟာ သူတို့ရဲ့ အကောင်းဆုံး ပုံစံတွေနဲ့ပဲ ပေးဆပ်ချင်ကြတာပါ ။ တော့တင်ဟမ်နဲ့ ပွဲမှာ ကျွန်တော်တို့ဟာ အဲလို ကစားပုံမျိုး ပြသခဲ့ပါတယ် ။ ကျွန်တော်တို့ လိုချင်တဲ့ အရာတွေကို စွမ်းဆောင်နိုင်ကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR