ကိုးလ်ပါလ်မာကို မန်ယူနိုက်တက် ကြယ်ပွင့်ဟောင်း တဦးနဲ့ ခိုင်းနှိုင်းချီးကျူးသွားတဲ့ ပိုချက်တီနို

ချဲလ်ဆီး အသင်းရဲ့ လက်ရှိ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း သူ နှစ်သက်တဲ့ ကစားသမား တချို့ကို ရွေးချယ် ခေါ်ယူနိုင်ခဲ့ပြီး ၊ ထိုအထဲမှာ မန်စီးတီး အသင်းကနေ ပေါင်သန်း ၄၀နဲ့ ပြောင်းရွှေ့လာတဲ့ အင်္ဂလန် လက်ရွေးစင် ကြယ်ပွင့် တောင်ပံတိုက်စစ် ကစားသမား ကိုးလ်ပါလ်မာလည်း အပါအဝင် ဖြစ်ပါတယ် ။

စီးတီး အကယ်ဒမီထွက် ပါလ်မာဟာ ပြီးခဲ့တဲ့ ရာသီမှာ မန်စီးတီး စီနီယာ ကစားခွင့် တချို့ ရရှိခဲ့သလို ၊ ဒီရာသီ မစတင်ခင် ကွန်မြူနတီဒိုင်း ဗိုလ်လုပွဲ ၊ ဥရောပ စူပါဖလား ဗိုလ်လုပွဲတွေမှာ ဂိုးသွင်းခြေစွမ်းပြနိုင်ခဲ့ပေမယ့် ၊ ပုံမှန် ပွဲကစားခွင့်ကို အလိုရှိတာကြောင့် ငယ်ဘဝ ကလပ်ကို စွန့်ခွာကာ ၊ လူငယ်ကြယ်ပွင့် အမြောက်အမြားနဲ့ သွေးသစ်လောင်းဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ် ။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပါလ်မာဟာ ဒီရာသီ အသင်းလိုက် ကစားပုံ ထူးထူးခြားခြား တိုးတက်လာခြင်း မရှိတဲ့ ချဲလ်ဆီးမှာ ၆ဂိုးသွင်း ၊ ၅ဂိုး ဖန်တီးပေးထားသလို ၊ ကစားခွင့် ရတိုင်း အကောင်းဆုံး ခြေစွမ်းပြထားတဲ့ ကစားသမား အနည်းငယ်ထဲက တဦး ဖြစ်လို့ နေပါတယ် ။

TNT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ပိုချက်တီနိုက ပါလ်မာဟာ ၄င်း ပီအက်စ်ဂျီမှာတုန်းက ကိုင်တွယ်ခဲ့ရဖူးတဲ့ ရီးရဲလ်မက်ဒရစ် ၊ မန်ယူနိုက်တက် တောင်ပံကစားသမားဟောင်း ဒီမာရီယာနဲ့ တူညီတဲ့ အရည်အချင်း တချို့ ပိုင်ဆိုင်ထားကြောင်း ချီးကျူးပြောဆိုသွားပါတယ် ။

ပိုချက်တီနို က ” ဒီနေရာမှာ သူ ( ပါလ်မာ ) ကစားရပါတယ် ။ ဘာလို့လဲဆိုတော့ သူဟာ ဘယ်ခြေသန်သလို ၊ သူ့မှာ ဒီမာရီယာလို ကစားသမားမျိုး ဖြစ်လာဖို့ အလားအလာ ရှိပြီး ၊ ဒီမာရီယာနဲ့ တူညီတဲ့ အချက်နဲ့ အရည်အသွေး တချို့ ပိုင်ဆိုင်ထားလို့ပါ ။ ”

” အိန်ဂျယ်ဟာ ကမ္ဘာ့ဖလား ချန်ပီယံ တဦး ဖြစ်သလို ၊ ကျွန်တော်တို့နဲ့ အတူ ပဲရစ်မှာ အလုပ်လုပ်ခဲ့ဖူးပြီး ၊ အံ့သြဖွယ် ကစားသမား တယောက်လည်း ဖြစ်ပါတယ် ။ ပါလ်မာမှာ သူလို ကစားသမားမျိုး ဖြစ်လာထို့ အလွန်နီးစပ်တဲ့ အလားအလာတွေ ၊ လုပ်နိုင်စွမ်းတွေ ရှိနေပါတယ် ။ ”

” ဒီလို ကစားသမားမျိုးဟာ အသင်းဖော်တွေကို ချိတ်ဆက်ပေးနိုင်သလို ၊ ကစားကွက် ဖန်တီးသူလည်း ဖြစ်လာနိုင်ပါတယ် ။ သူ့မှာ ဂိုးသွင်း ၊ ဂိုးဖန်တီးနိုင်တဲ့ စွမ်းရည်တွေ ရှိနေတာကြောင့် သူဟာ အိန်ဂျယ်လို ကစားသမားမျိုးလို့ ဆိုနိုင်ပါတယ် ။ ”

” ကစားသမားသစ် တယောက် ခေါ်ယူတဲ့အခါတိုင်း ခင်ဗျားဟာ သူတို့ဆီကနေ အကောင်းဆုံး စွမ်းဆောင်ရည်ကို မျှော်မှန်းကြမှာပါ ။ ဒါပေမယ့် သူဟာ ဒီကို စရောက်လာတဲ့ ပထမဆုံး နေ့ကတည်းက စွမ်းဆောင်ရည် အမှန်တကယ် ကောင်းနေပါတယ် ။ ”

” သူဟာ ဒီကလပ်မှာ လိုက်လျောညီထွေ ရှိအောင် ပြုမူနေထိုင်နေသလို ၊ အသင်းဖော်တွေ ၊ ဒီက ချဲလ်ဆီး ဘဝနဲ့လည်း သဟဇာတ ဖြစ်အောင် အားထုတ်ထားနိုင်ပါတယ် ။ ဟုတ်ပါတယ် ။ ဒါက အံ့သြဖွယ်ပါ ။ ဘာလို့လဲဆိုတော့ ခင်ဗျားဟာ ကစားသမားသစ် တယောက် ခြေစွမ်းပြနိုင်ဖို့ကို မျှော်လင့်ထားပေမယ့် ၊ သူဟာ တကယ် ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ပြနေလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR