ပဲလေ့စ်နဲ့ ပွဲက ခြေစွမ်းကြောင့် ချဲလ်ဆီး စတား တဦးကို အသင်းဖော်တွေ သံသယဝင်နေမယ့် အကြောင်း သတိပေးသွားတဲ့ မဲလ်ချော့တ်

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို ထင်ထားတာထက် ပိုပြီး ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၊ ပွဲပြီးခါနီး ရခဲ့တဲ့ တောင်ပံကစားသမား နွန်နီ မက်ဒူးကီရဲ့ ပင်နယ်တီဂိုးနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ ကပ်အနိုင်ရခဲ့ပါတယ် ။

ဒီပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ ရာသီကြို ကာလ အတွင်း တွဲသုံးခဲ့တဲ့ နီကိုးလက်စ် ဂျက်ဆင် – ခရစ်တိုဖာ အန်ကွန်ကူ တိုက်စစ်အတွဲကို ဒီရာသီအတွင်း ပထမဆုံးအကြိမ် တွဲဖက် ပွဲထုတ်လာပါတယ် ။

အန်ကွန်ကူဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့်မှာ ပရိသတ်တွေ စိတ်ကျေနပ်လောက်မယ့် ခြေစွမ်းမျိုး ပြခဲ့ပေမယ့် ၊ ပွဲပေါင်းများစွာ ကစားထားပြီး ဖြစ်တဲ့ ဂျက်ဆင်ကတော့ VAR ရဲ့ ပယ်ဖျက်ခြင်းကို ခံခဲ့ရတဲ့ သွင်းဂိုးမှအပ ၊ ထိုပွဲအတွင်း ခြေစွမ်းကောင်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ချဲလ်ဆီး နောက်ခံလူဟောင်း မာရီယို မဲလ်ချော့တ်ကတော့ ဂျက်ဆင် အနေနဲ့ အခွင့်အရေး အမြောက်အမြား ဖြုန်းတီးနေတာတွေကို မဖြစ်မနေ လျှော့ချဖို့ လိုအပ်ကြောင်း တိုက်တွန်းရင်း ၊ ဒီလိုမှ မပြုမူဘူးဆိုရင် အသင်းဖော်တွေရဲ့ ယုံကြည်မှု ကင်းမဲ့ခြင်းကို ခံလာရနိုင်ကြောင်း ESPN ရဲ့ ပွဲပြီး သုံးသပ်ချက် အစီအစဉ်မှာ သတိပေးသွားပါတယ် ။

မဲလ်ချော့တ် က ” ဂျက်ဆင်ဟာ ဒီအခြေအနေကို အမှန်တကယ် ခက်ခဲအောင် လုပ်နေပါတယ် ။ ဒီနေ့ပွဲမှာ ကျွန်တော် သူကစားတာကို စောင့်ကြည့်ခဲ့ပါတယ် ။ ဒါပေမယ့် သူဟာ ကိုယ့်ကိုယ်ကို အတော်လေး အခက်တွေ့အောင် လုပ်နေတာပါ ။ ပြိုင်ဆိုင်မှုကတော့ ရှိနေပါတယ် ။ ”

” ပိုချက်တီနိုကတော့ သူ့ကို အချိန်ပေးဖို့ အကြောင်း တွင်တွင်ပြောနေတာ ကျွန်တော် သိပါတယ် ။ ဒါပေမယ့် အန်ကွန်ကူ ကစားတာကို ကြည့်ရတာ ကျွန်တော် သဘောကျပါတယ် ။ သူဟာ တပွဲပြီး တပွဲ တိုးတက်မှု ရှိလာဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ”

” ဒါပေမယ့် ဂျက်ဆင် အတွက်ကျတော့ ကျွန်တော်လည်း မသိတော့ပါဘူး ။ သူ့မှာ ပြေးအားရော ၊ ရုန်းအားပါ ရှိပါတယ် ။ ဒါပေမယ့် သူ့မှာ တိုက်စစ်မှူးကောင်း တယောက် အတွက် လိုအပ်တဲ့ စိတ်အေးအေးထားနိုင်မှု ၊ အာရုံစိုက်မှုတွေ မရှိနေပါဘူး ။ ”

” သူဟာ အသက်ကြီးရင့်နေတဲ့ တိုက်စစ်မှူး တယောက်လည်း မဟုတ်ပါဘူး ။ သူ့မှာ အချိန်တွေ ရှိနေဆဲ ဖြစ်ပေမယ့် ၊ ခေါင်းအေးအေးထားရမယ့် အပိုင်းမှာ ကြိုးစားဖို့ လိုနေပေါသေးတယ် ။ ချဲလ်ဆီးမှာ ကစားခဲ့တဲ့ တကယ့် အဆင့်မြင့် တိုက်စစ်မှူးတွေကို ကြည့်မယ်ဆိုရင် ၊ ဥပမာ – ကျွန်တော် ကစားခဲ့တဲ့ အချိန်တုန်းကဆို ဟက်ဆယ်ဘိန့်ခ် ၊ ဒရော့ဘာတို့လို ဂိုးရှေ့မှာ အမြဲတမ်း သွေးအေးအေး ရှိတတ်တဲ့ တိုက်စစ်မှူးတွေပေါ့ ။ ”

” သူတို့ဟာ အခွင့်အရေး တကြိမ်ဆို တကြိမ် အဆုံးသတ်နိုင်ပါတယ် ။ တခါတလေတော့ သူတို့ကို ဘောလုံး မထိုးပေးတဲ့အခါ ခင်ဗျား သူတို့ စိတ်ဆိုးတာ ခံရနိုင်ပါတယ် ။ ဂျက်ဆင်ဟာ ဒီတိုက်စစ်မှူးမျိုးတွေရဲ့ အဆင့်ကို တက်လှမ်းဖို့ လိုပါမယ် ။ ဘာလို့လဲဆိုတော့ သူ့အသင်းဖော်တွေက ‘ ငါ သူ့ကို ပေးသင့်လား ၊ ကိုယ်တိုင်ပဲ အဆုံးသတ်သင့်လား ‘ ဆိုပြီး ဒွိဟ စဖြစ်သွားနိုင်လို့ပါ ။ ”

” ကျွန်တော် သူ့ကို အဲလို အနေအထားမျိုးဆီ မရောက်စေချင်ပါဘူး ။ ဘာလို့လဲဆိုတော့ တိုက်စစ်မှူးတွေဟာ ဒီအနေအထားမျိုး ဘယ်တော့မှ မရောက်ချင်ကြလို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR