ပဲလေ့စ်ရဲ့ ချေပဂိုးမှာ အမှားကျူးလွန်ခဲ့တဲ့ ချဲလ်ဆီး စတား တဦး အပေါ် ဝေဖန်သွားတဲ့ ဟက်ဆယ်ဘိန့်ခ်

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲမှာ ခရစ်စတယ်ပဲလေ့စ် အသင်းကို နာကျင်အချိန်ပို မရောက်ခင် ရခဲ့တဲ့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီရဲ့ ပင်နယ်တီဂိုးကြောင့် ၂ – ၁ ရလဒ်နဲ့ ၃မှတ် ရခဲ့ပါတယ် ။

့ပထမပိုင်းမှာ အိမ်ရှင် ချဲလ်ဆီးတို့ ယူကရိန်း လက်ရွေးစင် တောင်ပံကစားသမား မစ်ခ်ဟိုင်းလို မူဒရစ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပေမယ့် ၊ ဒုတိယ ဦးဆောင်ဂိုး မသွင်းနိုင်ခဲ့တာကြောင့် မလိုလားအပ်ပဲ ၊ ခံစစ်အမှားကတဆင့် ဧည့်သည်ဖက်ကို ချေပဂိုး ပြန်ပေးခဲ့ရပါတယ် ။

ပထမပိုင်း အပြီး Amazon Prime ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်က ချေပဂိုး သွင်းယူခဲ့တဲ့ ပဲလေ့စ် တောင်ပံ ကစားသမား မိုက်ကယ် အိုလီဆေးကို ကြိုတင် တားဆီးနိုင်ခြင်း မရှိခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ချဲလ်ဆီး ခံစစ်မှူး လီဗိုင်း ကိုဝဲလ် အပေါ် အခုလိုပဲ ဝေဖန်သွားပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ချဲလ်ဆီးဖက်က ကြည့်ရင်တော့ ဒါကို သူတို့ အတော်လေး စိတ်ပျက်မိကြပါလိမ့်မယ် ။ ကိုးဝဲလ် လုပ်ပုံကို ခင်ဗျားတို့ ကြည့်လိုက်ရင် ၊ သူဟာ ပြိုင်ဖက် ခြေထဲက ဘောလုံးကို ရဖို့ ကြိုးစားအားထုတ်ခဲ့တာကို တွေ့ရပါမယ် ။ သူ ဒါမျိုး လုပ်ဖို့ မလိုခဲ့ပါဘူး ။ ”

” သူ ခြေထောက်အောက်ထဲကနေ ဘောလုံး ယူဖို့ ကြိုးစားခဲ့ပါတယ် ။ သူသာ မတ်တပ်ရပ်ပြီး ကာကွယ်ခဲ့မယ်ဆိုရင် ဘောလုံးကို ခေါင်းတိုက် ဖြတ်ထုတ်နိုင်ခဲ့မှာ ဖြစ်သလို ၊ အိုလီဆေးကလည်း ဘောလုံး နောက်တချက် ထိနိုင်လိုက်မှာ မဟုတ်ပါဘူး ။ ”

” သူဟာ သင်ယူလေ့လာနေဆဲ ဖြစ်ပါတယ် ။ ဒီအမှားကနေ သူ သင်ခန်းစာတွေ ယူနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ သူတို့ ၁ – ၀ နဲ့ အနိုင်ရတဲ့အချိန် ပွဲကို ငြိမ်ကျအောင် လုပ်နိုင်ဖို့ ဒုတိယ ဦးဆောင်ဂိုး လိုအပ်နေတယ်လို့ ခင်ဗျား အမြဲ ခံစားမိမှာပါ ။ ”

” ပထမပိုင်းပြီးခါနီးမှာမှ ချေပဂိုး ပြန်ပေးလိုက်ရတာက ကြေကွဲစရာ ဖြစ်ပါတယ် ။ ဒါက ပြစ်ဒဏ်ဘောရဲ့ ဒုတိယ ၊ တတိယအဆင့်က ပေးလိုက်ရတဲ့ ဂိုးမျိုး ဖြစ်လို့ပါ ။ ခင်ဗျားတို့သာ တစုတစည်းတည်း ပုံမှန်အတိုင်း ဆက်ထိန်းထားရင် ဒီလို အနေအထားမျိုးကို ခုခံနိုင်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ဟက်ဆယ်ဘိန့်ခ်က ကာလရှည် ဒဏ်ရာက ပြန်သက်သာလာအပြီး ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် ရခဲ့တဲ့ ပြင်သစ် နောက်ချန်တိုက်စစ်မှူး ခရစ်တိုဖာ အန်ကွန်ကူရဲ့ သက်ရောက်မှု အပေါ်လည်း အခုလိုပဲ ချီးကျူးစကား ဆိုခဲ့ပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” သူ့ရဲ့ ခြေစွမ်းက အရမ်းကောင်းပါတယ် ။ သူဟာ ချဲလ်ဆီးကို မတူညီတဲ့ အရာ တခုခု ပေးစွမ်းနိုင်ပါတယ် ။ သူဟာ ချဲလ်ဆီး အသင်းသားတွေကို တည်ငြိမ်မှုတွေ ယူဆောင်လာပေးပါတယ် ။ သူ့ကိုသာ ဘောလုံး ပေးလိုက်ပါ ၊ တခုခု ဖြစ်အောင် သူ လုပ်ပြပါလိမ့်မယ် ။ သူ့မှာ အရည်အချင်းပေါင်း မြောက်မြားစွာ ရှိပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR