ပဲလေ့စ်နဲ့ ပွဲမှ အနိုင်ဂိုးရှင် မက်ဒူးကီကို ပွဲအပြီးမှာ ဘာပြောခဲ့လဲ ဆိုတာ ရှင်းလင်းလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ Boxing Day ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံ ပြိုင်ဖက် ခရစ်စတယ်ပဲလေ့စ် အသင်းကို လူစားဝင် တောင်ပံကစားသမား နွန်နီ မက်ဒူးကီရဲ့ နောက်ကျ ပင်နယ်တီ အနိုင်ဂိုးနဲ့ အတူ ၂ – ၁ ရလဒ်နဲ့ နိုင်ခဲ့ပါတယ် ။

အနိုင်ဂိုးရှင် မက်ဒူးကီဟာ ဒီရာသီ ချဲလ်ဆီး အတွက် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် တကြိမ်သာ ရထားပြီး ၊ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုရဲ့ တောင်ပံကစားသမား ပွဲထွက်ခွင့် အစဉ်မှာ နောက်ဆုံး ဦးစားပေးအဆင့်သို့ ရောက်ရှိနေပါတယ် ။

လက်ရှိ ချဲလ်ဆီး အသင်းမှာ ဒဏ်ရာ ၊ ပွဲပယ် ပြဿနာ တသင်းစာကျော်တဲ့အထိ ရှိနေသည့်တိုင် ပွဲထွက်ခွင့် ပြန်မရသေးတာက မက်ဒူးကီကို အနည်းနဲ့ အများ စိတ်ပျက်စေနိုင်ပေမယ့် ၊ ပဲလေ့စ်နဲ့ ပွဲမှာတော့ လူစားဝင်ခွင့်က ရလာတဲ့ မိနစ်တွေကို အကျိုးရှိရှိ အသုံးချကာ ၊ ပိုချက်တီနိုကို သက်သေတခုခု ပြသသွားနိုင်ခဲ့ပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက မက်ဒူးကီရဲ့ ခြေစွမ်းနဲ့ ပတ်သက်ပြီး ” သူ့မှာ ဖိအားတွေ ရှိမနေခဲ့ပါဘူး ။ သူ လွတ်လွတ်လပ်လပ် ကစားခဲ့ပါတယ် ။ သူ လူစားဝင်လာတဲ့အချိန် တွေ့ရတဲ့ ထူးခြားချက်က အဲဒီ အခိုက်အတန့် အတွင်း ကျွန်တော်တို့ လိုအပ်တဲ့ အရာ ဖြစ်ပါတယ် ။ ”

” ပုံမှန် ကစားခွင့် မရတာကြောင့် သော်လည်းကောင်း ၊ ဒဏ်ရာ ပြဿနာတွေကြောင့် သော်လည်းကောင်း ကျွန်တော့ အပေါ် စ်ိတ်ပျက်နေတာတွေကို သူ ဒီလို ထုတ်ဖော်ပြသတာ ကျွန်တော် သဘောကျမိပါတယ် ။ ဒါပေမယ့် သူဟာ လူစားဝင်ရတဲ့အချိန် ၊ ‘ ဟုတ်ပြီ ၊ ငါ့ကိုယ်ငါ ယုံကြည်တဲ့ အကြောင်း နည်းပြကို ပြရမယ် ‘ လို့ တွေးပြီး ကစားခဲ့ပုံပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ဆက်လက်ပြီး ပိုချက်တီနို က ပွဲအပြီး သူနဲ့ ယင်းအင်္ဂလန်ယူ၂၁ ကြယ်ပွင့်တို့ ဘာတွေ ပြောခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး ” ဒါက ကျွန်တော်တို့ ၂ယောက်ကြားက အကြောင်းအရာပါ ။ ကျွန်တော် သူ့ကို ယုံကြည်ကြောင်း သူ့အနေနဲ့ သက်သေပြဖို့ လိုပါတယ် ။ စိတ်ဓာတ် ခံယူချက်က အရေးကြီးပါတယ် ။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာ ပိုလို့တောင် အရေးကြီးပါတယ် ။ ခင်ဗျားဟာ အရည်အချင်း တခုတည်းနဲ့ ပရီးမီးယားလိဂ်မှာ ကစားလို့ မရပါဘူး ။ ”

” ဟုတ်ပါတယ် ။ အရည်အချင်းတော့ လိုအပ်တာပေါ့ ။ ဒါပေမယ့် ခင်ဗျားမှာ နေ့စဉ်နေ့တိုင်း လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ ကစားခွင့်ရတဲ့ ပွဲတွေမှာ မှန်ကန်တဲ့ ခံယူချက် ၊ ချဉ်းကပ်မှု မရှိရင် ခြေစွမ်းပြနိုင်ဖို့ ခက်ပါတယ် ။ ခင်ဗျားမှာ အတွေ့အကြုံ နုတဲ့ အသင်း တသင်း ရှိတဲ့အခါ ၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အမြင်မှန်ရဖို့ လိုပါတယ် ။ ”

” ခင်ဗျားသာ ပွဲအတွင်းမှာ ဘာမှ အတွေးမလွန်နေပဲ ၊ ကိုယ့်အတွက် ၊ အသင်းအတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုရင် ၊ ခင်ဗျားကို ပွဲကစားခွင့် ပေးဖို့ ဆုံးဖြတ်ချက် ချထားတဲ့ ကျွန်တော်တို့လို နည်းပြ အဖွဲ့ အတွက်လည်း စိတ်ချမ်းသာရပါတယ် ။ ဒါက နေ့စဉ်နေ့တိုင်း သူတို့ရဲ့ ပြုမူပုံ အပေါ် အမြင်မှန် ရဖို့ အကြောင်းပဲ ဖြစ်ပါတယ် ။ ”

” ကစားသမား တယောက်ကို ပုံမှန် ပွဲကစားခွင့် မပေးလို့ ကျွန်တော်တို့ဟာ လူဆိုးတွေ မဟုတ်ကြပါဘူး ။ ဘယ်ကစားသမားကိုတော့ဖြင့် အမြဲတမ်း ပေးကစားမယ် ဆိုပြီး ကျွန်တော်တို့ စိတ်ထဲ ရှိမနေပါဘူး ။ ကစားသမား တယောက် ပုံမှန် မကစားရဘူး ဆိုတာ ခင်ဗျားမှာ အရည်အချင်း ရှိလျက်သားနဲ့ အရည်အချင်းရော ၊ စိတ်ဓာတ်ခံယူချက်ပါ မပြသနိုင်လို့ ဖြစ်ပါတယ် ။ ”

” ခင်ဗျားမှာ မှန်ကန်တဲ့ စိတ်ဓာတ် ခံယူချက် ရှိတယ်ဆိုရင် ဒါကို အရည်အချင်းနဲ့ ချိတ်ဆက်နိုင်ဖို့က ခင်ဗျား အပေါ်မှာသာ မူတည်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR