အဖွင့်လှတဲ့ နည်းပြသစ် ၊ စံချိန်အသီးသီးယူကြတဲ့ GOATs ၊ အင်္ဂလန် သူရဲကောင်း ဟယ်ရီကိန်း တို့နဲ့ . . . နံနက်ခင်း အားကစားသတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲတွေ မှာတော့ ပေါ်တူဂီ ၊ အင်္ဂလန် ၊ ဒိန်းမတ် ၊ စလိုဗေးနီးယား ၊ မြောက်အိုင်ယာလန် ၊ မြောက် မက်ဆီဒိုးနီးယား ၊ ဘော့စနီးယား အသင်းတို့ နိုင်ပွဲ ရရှိခဲ့ကြ ပါတယ် ။

အင်္ဂလန် ဟာ ယူရို ၂၀၂၀ ဖိုင်နယ် မှာ အရှုံးပေး ခဲ့ရတဲ့ အီတလီ အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ယူခဲ့တာ ဖြစ်ပြီး ဒါဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း အီတလီ ကို အီတလီမြေပေါ်မှာ အနိုင်ရရှိမှု ဖြစ်လာခဲ့ ပါတယ် ။

 

အင်္ဂလန် အတွက် ပင်နယ်တီ ကနေ ဂိုးသွင်းယူ ပေးခဲ့တဲ့ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ကတော့ အင်္ဂလန် လက်ရွေးစင် သမိုင်း တလျောက် ဂိုးအများဆုံး သွင်းတဲ့ ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။

ပေါ်တူဂီ ကလည်း လီချင်စတိန်း အသင်းကို အိမ်ကွင်းမှာ ၄-၀ နဲ့ အနိုင် ကစားပြီး နည်းပြသစ် ရော်ဘတ်တို မာတီနက် ရဲ့ ပထမဆုံး ပွဲကို မျက်နှာပန်း လှစေခဲ့ ပါတယ် ။ ပေါ်တူဂီ အတွက် ခရစ္စတီယာနို ရိုနယ်ဒို က ၂ ဂိုး သွင်းယူ ပေးခဲ့ပြီး လက်ရွေးစင် ဘောလုံးသမိုင်းရဲ့ ပွဲ အများဆုံး ကစားသူ ၊ ဖီဖာ အသိအမှတ်ပြု ပြိုင်ပွဲတွေမှာ ပထမဆုံး ဂိုး ၁၀၀ ပြည့်မြောက်သူ ဖြစ်လာခဲ့ ပါတယ် ။

အာဂျင်တီးနား အသင်းကလည်း ကမ္ဘာ့ဖလား အပြီးမှာ ပထမဆုံး ပွဲစဉ် အဖြစ် ပနားမား အသင်းနဲ့ ခြေစမ်း ကစားခဲ့ပြီး ၂-၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။

အာဂျင်တီးနား အတွက် အယ်မာဒါ နဲ့ မက်ဆီ တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ ။ မက်ဆီ ကတော့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝမှာ သွင်းဂိုး ၈၀၀ ပြည့်မြောက် သွားခဲ့ ပါပြီ ။

ဘိုင်ယန်မြုးနစ် ဟာ လက်ရှိ နည်းပြ ဂျူလီယန် နာဂျယ်စမန်း ကို ထုတ်ပယ်တော့မှာ ဖြစ်ပြီး ချဲလ်ဆီး နည်းပြဟောင်း သောမတ်စ် တူချယ် ကို ၂ နှစ်ခွဲ စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ ခဲ့ပြီလို့ ယမန်နေ့ ညပိုင်းက သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

ဒီသတင်းဟာ ဘိုင်ယန် ကစားသမားတွေကိုပါ အံ့အားသင့်စေခဲ့ပြီး မန်စီးတီး ကနေ အငှားရောက်လာတဲ့ ကန်ဆယ်လို ကတော့ တူချယ် ဟာ ဘိုင်ယန် ကို ချန်ပီယံလိဂ် ယူပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ ပါတယ် ။

ဘာစီလိုနာ ၊ မန်စီးတီး နဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း အဂွေရို ကတော့ လီယွန်နယ် မက်ဆီ ဟာ PSG ကနေ ထွက်ခွာ ဖြစ်ပါက ဘာစီလိုနာ ကို ပြန်သွားဖို့ ၅၀% အခွင့်အလမ်း ရှိနေပါတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ရီးရဲမက်ဒရစ် တိုက်စစ်မှူးလေး ရိုဒရီဂို က အန်ဆယ်လော့တီ ဟာ ဘရာဇီး နည်းပြ ဖြစ်လာမယ့် အကြောင်းကို သူတို့နဲ့ ဟာသလုပ် ပြောဆို နေပြီး အမှန်တကယ် ဖြစ်လာမယ်လို့ ယုံကြည်မှုတွေ ပိုမို ခိုင်မာနေပြီလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူး ဗစ်တာ လင်ဒီလော့ဖ် ကတော့ ပွဲတွေ ကစားချင်တာဟာ သူ့ရဲ့ ဆန္ဒ ဖြစ်ကြောင်း နဲ့ လာမယ့် နွေရာသီမှာ အနာဂါတ် ကို စဉ်းစားဆုံးဖြတ် သွားမယ်လို့ အသိပေး ပြောဆိုခဲ့ ပါတယ် ။

 

SPORTS MYANMAR