လာမယ့် ယူရိုပြိုင်ပွဲမှာ ချဲလ်ဆီး စတားဟာ အာဆင်နယ် ကြယ်ပွင့်ကို ကျော်ပြီး ပွဲထွက်ခွင့် ရသင့်ကြောင်း သုံးသပ်လာတဲ့ မိုက်ကယ် အိုဝင်

 

ကလပ် ဘောလုံး ပြိုင်ပွဲတွေ ရာသီသိမ်းဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုတော့ပြီး ၊ မကြာခင်မှ ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ။ ဒီတကြိမ်မှာလည်း နာမည်ကြီး အင်္ဂလန်တို့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ယခု တခေါက် ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွင်း မျက်နှာသစ် တချို့ စတင် မြင်တွေ့လာရနိုင်ပြီး ၊ ဒီရာသီ ချဲလ်ဆီး အတွက် အံ့မခန်း စွမ်းဆောင်ပြထားတဲ့ တိုက်စစ် ကြယ်ပွင့် ကိုးလ်ပါလ်မာဟာ ထိုစာရင်းထဲမှာ ထိပ်ဆုံးက ပါဝင်လျက် ရှိပါတယ် ။

လီဗာပူး ဂန္တဝင် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ သူသာဆိုရင် ကိုးလ်ပါလ်မာကို အာဆင်နယ် တောင်ပံကစားသမား ဘူကာယို ဆာကာထက် ကျော်လွန်ပြီး ၊ ညာခြမ်း တိုက်စစ်မှာ အင်္ဂလန် အတွက် ပွဲထုတ်သုံးမယ့် အကြောင်း Gambling Zone နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ သုံးသပ်လာပါတယ် ။

အိုဝင် က ” ကျွန်တော်သာဆို ဘူကာယို ဆာကာထက် ကိုးလ်ပါလ်မာကိုပဲ ပွဲထုတ်သုံးမှာပါ ။ လက်ရှိ ပါလ်မာရဲ့ ပုံစံကောင်းနဲ့ အရည်အသွေးကို ခင်ဗျားတို့ လျစ်လျူရှုနိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ သူ့ကို ကျွန်တော့ရဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမား စာရင်းမှာ ထည့်ခဲ့ပါတယ် ။ ”

” ဒါပေမယ့် အခုတော့ သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တယောက် ဖြစ်နေပါပြီ ။ သူဟာ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကိုတောင် ရကောင်းရနိုင်ပါတယ် ။ ရွှေဖိနပ်ဆုလည်း ရနိုင်ခြေ ရှိပါတယ် ။ ဒါတောင် သူဟာ ရုန်းကန်နေရတဲ့ ကလပ် တသင်းမှာ ကစားနေတာပါ ။ ”

” ဒီတော့ သူဟာ ကျွန်တော့ အတွေးမှာတော့ အင်္ဂလန် အတွက် မဖြစ်မနေ ပွဲထွက်ရပါတော့မယ် ။ သူ့ကို ညာခြမ်းတိုက်စစ်မှာ ကျွန်တော် သုံးပါမယ် ။ တိုက်စစ်မှာ ဖိုဒန်နဲ့ သူ့ကို ပွဲထုတ်ပါမယ် ။ တယောက်က ညာခြမ်း ၊ တယောက်က ကွင်းလယ်တိုက်စစ်မှာပါ ။ အဲဒီနောက် ရိုက်စ်ကို နံပါတ် ၆ နေရာမှာ သုံးပါမယ် ။ ဒါပြီးရင် ဘယ်လင်ဂမ်ပါ ။ ဖိုဒန်ကို နံပါတ် ၈ မကျ ၊ နံပါတ် ၁၀ မကျ သုံးပြီးတော့ ကိုးလ်ကို ညာခြမ်းမှာ ထားပါမယ် ။ ”

” ဒါပေမယ့် လက်ရှိ အနေအထားအရတော့ ကျွန်တော် သူတို့ ၂ယောက်ကို နေရာ လဲနိုင်ပါတယ် ။ ၂ယောက်လုံးကို လွတ်လွတ်လပ်လပ် ကစားခွင့် ပေးပါမယ် ။ ဘယ်ခြမ်းမှာ အပြေးအား ကောင်းတဲ့ ကစားသမား တယောက် ထားပါမယ် ။ အဲဒီနောက် အထောင်တိုက်စစ်မှာတော့ ဟယ်ရီကိန်းပေါ့ ။ ရှင်းပါတယ် ။ ”

” ဂါရတ် ဆောက်ဂိတ်ကတော့ ဒီလိုလုပ်မယ် မထင်ပါဘူး ။ နံပါတ် ၆ ကစားသမား ၂ယောက်ကို သူ ဆက်ပြီး ထုတ်သုံးပါဦးမယ် ။ ဒါက မှန်ကန်တဲ့ လုပ်ရပ်လို့ ကျွန်တော် မထင်ပါဘူး ။ နံပါတ် ၆ ၂နေရာနဲ့ ဆိုရင် ဒါက ကော်ဘီ မိန်းနူးကို ဒက်ကလန်ရိုက်စ်နဲ့ တွဲတာပဲ ဖြစ်ဖို့ များပါမယ် ။ ”

” အဲလိုဆိုရင် ခင်ဗျားဟာ ပါလ်မာနဲ့ ဖိုဒန် ၂ယောက်တည်းက တယောက်ပဲ ရွေးရပါတော့မယ် ။ ဘာလို့လဲဆိုတော့ ညာခြမ်းမှာ သူ ဆာကာကိုပဲ ဆက်သုံးကောင်း သုံးနိုင်လို့ပါ ။ သူတို့ အားလုံးကို တချိန်တည်းမှာ ထုတ်သုံးဖို့ဆိုတာ စိန်ခေါ်မှု တရပ် ဖြစ်ပေမယ့် ၊ ကျွန်တော် ရွေးချယ်မယ့် အသင်းမှာဆိုရင်တော့ အဆင်ပြေနိုင်ပါတယ် ။ ”

” ဆာကာကို ဖယ်ထုတ်ဖို့ ဆိုတာကတော့ လွယ်ကူတဲ့ အလုပ် မဟုတ်ပေမယ့် ၊ သူဟာ အသင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေနိုင်ပါသေးတယ် ။ အကယ်၍ ဗိုလ်လုပွဲသာ မနက်ဖြန် ကန်မယ်ဆိုရင် ကျွန်တော်ဟာ ပါလ်မာကိုပဲ ပွဲထုတ်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR