ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် သတင်းတွေ ၊ ဒဏ်ရာနဲ့ အပြောင်းအရွှေ့တွေနဲ့ . . . နံနက်ခင်းအားကစားသတင်းများ

မနေ့ ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ ရီးရဲမက်ဒရစ် ဟာ ချဲလ်ဆီး အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ကစားပြီး ဒုတိယ အကျော့ အတွက် အလေးသာ သွားခဲ့ပါတယ် ။ ရီးရဲ အတွက် ဘန်ဇီးမား နဲ့ အဆန်စီရို တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပြီး ချဲလ်ဆီးဘက်က နောက်ခံလူ ဘန်ချေဝဲလ် ထုတ်ပယ် ခံခဲ့ရ ပါတယ် ။

အေစီမီလန် ကလည်း နာပိုလီ ကို အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင် ကစားပြီး နောက်တဆင့် အတွက် ခွန်အားတွေ ရရှိ စေခဲ့ ပါတယ် ။ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆီမန် မပါနိုင်တဲ့ ဒီပွဲမှာ အေစီ ဟာ ဘန်တန်ကာ ရဲ့ တလုံးတည်းသော ဂိုးနဲ့ စီးရီးအေ ပြိုင်ဘက် ကို ချန်ပီယံလိဂ်မှာ အနိုင်ယူခဲ့တာပဲ ဖြစ်ပါတယ် ။

ဒီနေ့ညမှာ ဆီဗီးလား နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲ ကစားဖို့ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ မားကပ် ရက်ဖိုဒ့် ၊ ဂါနာချို နဲ့ လုခ်ရှော တို့ ပါဝင် နိုင်ကြဦးမှာ မဟုတ်ဘူးလို့ နည်းပြ အဲရစ်တန်ဟတ် က ထုတ်ဖော် ပြောဆိုထားခဲ့ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ရစ်ချလီဆင် ဟာ သူ့အိမ်မှာ မွေးထားတဲ့ ခွေးတွေကြောင့် ( ခြံပြင် လွတ်ထွက် လျောက်သွားမှု ၊ ကျယ်လောင်စွာ ဟောင်မှု ) ဘေးအိမ်တွေရဲ့ တိုင်ကြားခြင်းကို ဖြေရှင်းရမယ်လို့ သတင်း ကြားသိရ ပါတယ် ။

အင်္ဂလန် ၊ စကော့တလန် ၊ ဝေးလ် နဲ့ အိုင်ယာလန် တို့ဟာ ယူရို ၂၀၂၈ ပြိုင်ပွဲကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပဖို့ အတွက် ကွင်း ၁၀ ကွင်းနဲ့ အဆိုတင်သွင်းမှု ပြုလုပ် လိုက်ပြီ ဖြစ်ပါတယ် ။

အီတလီ ဘောလုံးအဖွဲ့ချုပ် FIGC ကလည်း ယူရို ၂၀၃၂ ပြိုင်ပွဲ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသွားဖို့ အဆိုတင်သွင်းခဲ့ ပါတယ် ။ အီတလီ ကတော့ တဦးတည်း အိမ်ရှင် အဖြစ် အဆိုတင်သွင်း ခဲ့တာ ဖြစ်ပြီး မီလန် ၊ တူရင် ၊ ဗီရိုနာ ၊ ဂျီနိုနာ ၊ ဘိုလော့ညာ ၊ ဖလောရင့် ၊ ရုမ်း ၊ နေပယ် ၊ ဘာရီ နဲ့ ကာဂလီယာလီ မြို့တွေက ကစားကွင်းတွေ မှာ ပွဲစဉ်တွေကို လက်ခံ ကျင်းပသွားမယ်လို့ ဖော်ပြခဲ့ပါတယ် ။

ဘိုင်ယန်မြုးနစ် တိုက်စစ်မှူး ဆာဒီယို မာနေး နဲ့ အသင်းဖော် လီရွိုင် ဆာနေး တို့ဟာ မန်စီးတီး ကို ၃-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် အပြီးမှာ အချင်းများ ခဲ့ကြပြီး မာနေး က ဆာနေး ကို လက်ပါသွားခဲ့တယ်လို့ သတင်း ကြားသိရ ပါတယ် ။

ဝုဗ် အသင်းဟာ နော်တင်ဟမ် ဖောရက်စ် ကစားသမားကို တံတွေးနဲ့ ထွေးခဲ့တယ်လို့ FA က စွဲချက်တင် ထားတဲ့ သူတို့ ကွင်းလယ်လူ ပိုဒန့်စ် အတွက် အယူခံဝင် ကာကွယ်သွားမယ်လို့ သိရပါတယ် ။

ပိုဒန့်စ် ဟာ အဆိုပါ စွဲချက် ကနေ ပြစ်ဒဏ်ကျခံရပါက ၆ ပွဲခန့် အပယ်ခံရနိုင်တယ်လို့ သိရပါတယ် ။

လက်စတာ စီးတီး တောင်ပံ ကစားသမား ဟာဗေး ဘန်းစ် ဟာ မန်ချက်စတာ စီးတီး နဲ့ ကစားမယ့် ပွဲကို ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို ကစားနေတဲ့ အယ်လ်နက်ဆာ အသင်းဟာ နည်းပြ ရူဒီ ဂါစီယာ ကို ထုတ်ပယ်ဖို့ နီးစပ် နေပြီလို့ သတင်း ထွက်ပေါ်လာပါတယ် ။

ကစားသမားတွေ နဲ့ နည်းပြ တို့ဟာ ပြီးခဲ့တဲ့ သရေ ပွဲ အပြီးမှာ အငြင်းအခုန် ဖြစ်ခဲ့ကြပြီး ရိုနယ်ဒို ဟာလည်း ဂါစီယာ ရဲ့ နည်းစနစ်တွေ အပေါ် ကျေနပ်မှု မရှိဘူးလို့ စပိန်သတင်းစာ မာကာ က ဖော်ပြလာခဲ့ ပါတယ် ။

 

SM