ဂိုးသမား ၂ယောက် အပြိုင်ရောင်းခဲ့ကြတဲ့ ချဲလ်ဆီး ၂ – ၂ အာဆင်နယ် လန်ဒန်ဒါဘီပွဲမှ ၂ဖက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည်များ ( Ratings )

မနေ့ညက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားသွားတဲ့ ချဲလ်ဆီး – အာဆင်နယ် လန်ဒန်ဒါဘီပွဲဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ တဖက် ၂ဂိုးစီ သရေကျသွားပါတယ် ။ ထိုပွဲမှ ၂ဖက် အသင်းသားတွေရဲ့ စွမ်းဆောင်ရည် ( Ratings ) တွေကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ် ။

ချဲလ်ဆီး

ရောဘတ် ဆန်းချက်ဇ် ( Rating – 1 ) – အဖွင့် ချေပဂိုးကို လွယ်လွယ်နဲ့ ပေးပစ်ခဲ့ကာ ၊ သူ့အမှားကြောင့် တသင်းလုံးရဲ့ ယုံကြည်မှု လုံးဝပျောက်ဆုံးသွားခဲ့သလို ၊ ဂိုးပေါက် ကာကွယ်မှုလည်း တကြိမ်မှ မရှိခဲ့ပါဘူး ။

မာလို ဂတ်စ်တို ( Rating – 3 ) – ပထမပိုင်းမှာ ကစားပုံ သာမန်သာ ရှိခဲ့ပြီး ၊ ဒုတိယပိုင်းမှာ မာတင်နယ်လီကို လုံးဝ မထိန်းနိုင်ခဲ့သလို ၊ ဒုတိယ ချေပဂိုးမှာလည်း ထရော့ဆာ့ဒ် သူ့နားမှာ ရှိနေမှန်းကို မသိခဲ့ပါဘူး ။

သီယာဂို ဆေးလ်ဗား ( Rating – 7 ) – ကျစ်လျစ်မှု ရှိခဲ့ပြီး ၊ ပြိုင်ဖက်ရဲ့ ဘောလုံး ဖြတ်ပို့မှု တချို့ကို ဟန့်တားပြနိုင်ခဲ့ကာ ၊ ခံစစ်ကို ဦးဆောင်မှု အပြည့်ပေးခဲ့ပါတယ် ။

လီဗိုင်း ကိုဝဲလ် ( Rating – 7 ) – သီယာဂို နည်းတူ ခြေစွမ်း တည်ငြိမ်ခဲ့ပြီး ၊ အမှားကင်းခဲ့သလို အတွဲအဖက်ညီခဲ့ပါတယ် ။

မာ့ခ်ကူကူရယ်လာ ( Rating – 8 ) – ပွဲချိန် အများစုမှာ ဆာကာကို အပြည့်အဝ ထိန်းခဲ့သလို ၊ ညာခြမ်းမှာ ကစားခဲ့တုန်းကလို ကျစ်လျစ်တဲ့ ခံစစ်ကစားဟန်ကို ဆက်လက် ပြသနိုင်ခဲ့ပါတယ် ။

မွိုက်ဆက်စ် ကိုင်စီဒို ( Rating – 7 ) – ခံစစ်ကို ကူပေးသလို ၊ အသင်းဖော်တွေကို ချိတ်ဆက်မှု ကောင်းကောင်းပေးခဲ့ပြီး ၊ ကြံ့ခိုင်မှု ပြန်ပြည့်လာချိန်မှာ သူ့ရဲ့ ယခင်ခြေစွမ်းကောင်းကို ပြသထားနိုင်တာ တွေ့ရပါတယ် ။

အန်ဇို ဖာနန်ဒက်ဇ် ( Rating – 6 ) – ပထမပိုင်းမှာ အားကျိုးမာန်တက် ကစားခဲ့ကာ ၊ ခြေစွမ်း အတော်အသင့် ပြသနိုင်ခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ကစားအား အနည်းငယ်ကျခဲ့သလို ၊ ပွဲပြီးခါနီး မိနစ်တွေမှာ ဘောလုံး ပေးပို့ပုံ အလွဲတွေ ရှိခဲ့ပါတယ် ။

ကော်နာ ဂေါ်လဂါ ( Rating – 8 ) – နောက်ထပ် အားရဖွယ် စွမ်းဆောင်ရည် တရပ် ဖြစ်ပြီး ၊ အသင်းခေါင်းဆောင် တာဝန်ကို ကွင်းတွင်းအလုပ်နဲ့ သက်သေဆက်ပြနေပါတယ် ။

ကိုးလ်ပါလ်မာ ( Rating – 8 ) – Man of the Match ခြေစွမ်းပြသခဲ့ကာ ၊ ၂ပွဲဆက် ပင်နယ်တီ ဝင်အောင် အဆုံးသတ်နိုင်ခဲ့ပြီး ၊ နောက်ထပ် သွင်းဂိုး ၂ဂိုးလည်း ရဖို့ အလွန် နီးစပ်ခဲ့ပါတယ် ။

ရာဟင်း စတာလင် ( Rating – 7 ) – ပထမတပိုင်းလုံး ဇင်ချန်ကိုကို ဒုက္ခအပြည့် ပေးခဲ့ကာ ၊ ၎င်းကြောင့် ပြိုင်ဖက် ခံစစ် အချိန်ပြည့် အလုပ်ရှုပ်ခဲ့ရပေမယ့် ၊ ၎င်း လူစားလဲခံခဲ့ရချိန်မှာ အိမ်ရှင်တို့ တိုက်စစ်ကစားအား လုံးဝ ပျောက်ဆုံးသွားပါတယ် ။

မစ်ခ်ဟိုင်းလို မူဒရစ် ( Rating – 7 ) – ပထမဆုံး စတမ်းဖို့ဒ်ဘရစ်ချ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၊ တပွဲထက် တပွဲ ယုံကြည်မှုတွေ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ် ။

လူစားဝင် ကစားသမားများ – နီကိုးလက်စ် ဂျက်ဆင် ( Rating – 5 ) ၊ ရိစ်ဂျိမ်းစ် ၊ နွန်နီ မက်ဒူးကီ ( N/A )

အာဆင်နယ်

ဒေးဗစ် ရာယာ ( Rating – 2 ) – မူဒရစ်ရဲ့ သွင်းဂိုးမှာ ဂိုးပေါက်ရှေ့ ကြိုထွက်နေခဲ့သလို ၊  ပါလ်မာရဲ့ အငိုက်ဖမ်းခြင်းကို ခံခဲ့ရကာ ကံကောင်းလို့ ဂိုး ၊ ဘောလုံးဖြန့်ဝေမှုတွေလည်း အတော်လေး အားနည်းခဲ့ပါတယ် ။

ဘန်ဝှိုက် ( Rating – 6 ) – ခံစစ်ပိုင်း အမှားအယွင်း နည်းခဲ့ပေမယ့် ၊ တိုက်စစ် အတွက် လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်နိုင်ခဲ့ပါဘူး ။

ဝီလီယမ် ဆာလီဘာ ( Rating – 5 ) – ကံဆိုးစွာနဲ့ လက်ထိဘောကတဆင့် ပင်နယ်တီ ခွင့်ပြုခဲ့ရကာ ၊ ပြိုင်ဖက်ရဲ့ တန်ပြန်တိုက်စစ်တွေကို ပွဲချိန် တချို့မှာ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါဘူး ။

ဂါဘရီယယ် ( Rating – 5 ) – တည်ကန်ဘောတွေမှာ ခေါင်းဦးတာတွေ ရှိခဲ့ပေမယ့် ၊ အခွင့်အရေး အပြည့် မယူနိုင်ခဲ့သလို ၊ ခံစစ်ပိုင်းအရလည်း အားနည်းတာတွေ ရှိခဲ့ပါတယ် ။

အိုလက်ဆန်ဒါ ဇင်ချန်ကို ( Rating – 3 ) – စတာလင်ကို လုံးဝ ထိန်းနိုင်ခဲ့ခြင်း မရှိသလို ၊ တိုက်စစ်ကို ထွေထွေထူးထူး မပံ့ပိုးနိုင်ခဲ့တာကြောင့် ပထမပိုင်းအပြီး လူစားလဲခံခဲ့ရပါတယ် ။

ဂျော်ဂျင်ဟို ( Rating – 4 ) – ပထမတပိုင်းလုံး ကစားပုံ အတော်ဆိုးရွားခဲ့ပြီး ၊ ဘောလုံး ပေးပို့ပုံတွေ တိကျမှု မရှိခဲ့သလို ၊ ဖန်တီးမှုလည်း ထွေထွေထူးထူး မလုပ်နိုင်ခဲ့ပါဘူး ။

ဒက်ကလန်ရိုက်စ် ( Rating – 7 ) – ပထမပိုင်းမှာ တခြားအသင်းဖော်တွေ နည်းတူ ခြေစွမ်း မပေါ်လွင်ခဲ့ပေမယ့် ၊ အရေးပါတဲ့ ချေပဂိုးကို တည်တည်ငြိမ်ငြိမ်ပဲ အဆုံးသတ် သွင်းပေးခဲ့ပါတယ် ။

မာတင် အိုဒီဂတ် ( Rating – 5 ) – ခြေစွမ်းတိတ်ဆိတ်ခဲ့ပြီး ၊ ပထမပိုင်း တပိုင်းလုံး ရုန်းကန်ခဲ့ရသလို ၊ ဖန်တီးမှု ထူးထူးခြားခြား မလုပ်ပေးနိုင်ခဲ့ပါဘူး ။

ဘူကာယို ဆာကာ ( Rating – 6 ) – ဒုတိယ ချေပဂိုး အတွက် ဖြတ်တင်ဘော လုပ်နိုင်ခဲ့ပေမယ့် ၊ ပျမ်းမျှ စွမ်းဆောင်ရည်အရဆိုရင် ၎င်းရဲ့ ပုံမှန်အဆင့်အတန်းအောက်မှာသာ ရှိခဲ့ပါတယ် ။

ဂါဘရီရယ် ဂျေဆုစ် ( Rating – 5 ) – အသင်းဖော်တွေဆီက ကောင်းမွန်တဲ့ ဖန်တီးမှု လုံလုံလောက်လောက် မရခဲ့သလို ၊ ပြိုင်ဖက် ခံစစ်ကို တကိုယ်တော် ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

ဂါဘရီရယ် မာတင်နယ်လီ ( Rating – 6 ) – ပထမပိုင်းမှာ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ၊ ဒုတိယပိုင်းမှာ ၎င်းဖက်ခြမ်းက လှုပ်ရှားမှုကောင်းတွေ ၊ ဖြတ်တင်ဘောကောင်းတွေ မြင်တွေ့ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ – တာကာဟီရို တိုမီယာစု လီအန်ဒရို ထရော့ဆာ့ဒ် ( Rating – 7 ) ၊ အမ်မီ စမစ်ရို ၊ အက်ဒီ အန်ကတ်တီးယား ( Rating – 6 ) ၊ ကိုင်ဟာဗက်ဇ် ( Rating – 5 )

SPORTS MYANMAR