ပိုချက်တီနိုရဲ့ စီမံခန့်ခွဲပုံတွေ အပေါ် အချက် ၃ချက်နဲ့ ပြင်းပြင်းထန်ထန် ဝေဖန်သွားတဲ့ ချဲလ်ဆီး ကစားသမားဟောင်း

 

အာဂျင်တီးနားလူမျိုး နည်းပြ မော်ရစ်စီယို ပိုချက်တီနို ချဲလ်ဆီး အသင်းကို တာဝန်ယူ ကိုင်တွယ်လာတာ ရာသီတဝက် ကျော်လာပြီ ဖြစ်ပေမယ့် ၊ နွေရာသီ အတွင်း သုံးစွဲခဲ့တာတွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင်တော့ လက်ရှိ ပရီးမီးယားလိဂ် ရပ်တည်မှု အဆင့် ၉ ၊ တည်ငြိမ်မှု မရှိတဲ့ ခြေစွမ်းနဲ့ ရလဒ်တွေဟာ ပရိသတ်တွေ မျှော်မှန်းထားတာနဲ့ ဝေးနေဆဲ ဖြစ်ပါတယ် ။

ချဲလ်ဆီး ၊ အာဆင်နယ်နဲ့ တော့တင်ဟမ် ခံစစ်မှူးဟောင်း ဝီလီယမ် ဂါးလက်စ်က ပိုချက်တီနိုရဲ့ စီမံခန့်ခွဲပုံတွေကို အချက် ၃ချက်နဲ့ ဝေဖန်ခဲ့ရာ ၊ နံပါတ်တစ် အချက် အဖြစ် လတ်တလော ရလဒ်နဲ့ ခြေစွမ်းပိုင်း အပေါ် ထောက်ပြသွားပါတယ် ။

Gambling Zone နဲ့ တွေ့ဆုံခဲ့ရာမှာ ဂါးလက်စ် က ” ပိုချက်တီနိုရဲ့ ချဲလ်ဆီး နည်းပြ ဘဝ အစကို ကျွန်တော် ဘယ်လို အမှတ်ပေးရမလဲ ? အရိုးသားဆုံး ဝန်ခံရရင် လက်ရှိ သူ့ရဲ့ စီမံခန့်ခွဲပုံတွေက တကယ်ကို မကောင်းနေပါဘူး ။ လတ်တလော ရလဒ်တွေကို ကျွန်တော်တို့ ကြည့်နိုင်ပါတယ် ။ ”

” စနေနေ့က သူတို့ ဖူလ်ဟမ်ကို အနိုင်ရခဲ့တာ မှန်ပေမယ့် ၊ သူတို့ ဘယ်တော့ ထပ်နိုင်မလဲ ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ တပ်အပ်မသိနိုင်ပါဘူး ။ ဒါက လက်ရှိ ချဲလ်ဆီးရဲ့ အဓိက ပြဿနာ တရပ်ပါပဲ ။ ခုပွဲမှာ နိုင်ပေမယ့် ၊ နောက်ပွဲမှာ ရှုံးချင်ရှုံး ၊ သရေကျချင် ကျသွားတတ်တာပါပဲ ။ ဒါက လုံလောက်မှု မရှိသေးပါဘူး ။ ”

” ဒါကြောင့် ကျွန်တော်တို့ဟာ ပိုချက်တီနိုနဲ့ ချဲလ်ဆီးထံက ဒီထက် ပိုကောင်းတဲ့ အရာတွေကို မျှော်မှန်းနေရခြင်း ဖြစ်ပါတယ် ။ ဒါကြောင့် ပရိသတ်တွေဟာ သူတို့ရဲ့ ရလဒ်ပိုင်း ၊ ကစားပုံနဲ့ ပတ်သက်ပြီး စိတ်ပျက်နေရခြင်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဂါးလက်စ်က ဒုတိယအချက် အဖြစ် ကစားသမားတွေကို နေရာမှန်မှာ အသုံးမပြုနေခြင်းကို ထောက်ပြလာပါတယ် ။

ဂါးလက်စ် က ” ကစားသမားတွေ ဘာလို့ နေရာမှန်မှာ မရှိနေရတာလဲ ဆိုတာ နားလည်ရ ခက်ပါတယ် ။ မန်နေဂျာက ဘာလို့ ဒီလို လုပ်မှန်း ကျွန်တော် မသိပါဘူး ။ ခင်ဗျားမှာ ဘယ်နောက်ခံလူ တယောက် ကစားပေးဖို့ အဆင်သင့် ရှိနေရင် သူ့ကို ခင်ဗျား သုံးရပါမယ် ။ “

” ကလပ်က ခင်ဗျားကို ပွဲတွေမှာ သုံးဖို့ ကစားသမားတွေ ဝယ်ထားပေးတာပါ ။ ဒီတော့ ခင်ဗျားဟာ အကောင်းဆုံး ပွဲထွက်စာရင်းကို ထုတ်သုံးပေးနိုင်ရပါမယ် ။ ခင်ဗျားရဲ့ ဘယ်နောက်ခံလူက အပြည့်အဝ ခြေစွမ်းမပြနိုင်ရင်တောင် သူ့ကို အဲဒီမှာပဲ သုံးရပါမယ် ။ သူ့ကို ညာနောက်ခံလူ ၊ ဗဟိုခံစစ် နေရာတွေမှာ ထားလို့ မရပါဘူး ။ ဒါကြောင့် ပိုချက်တီနိုရဲ့ နည်းစနစ်တွေက နားလည်ရ ခက်နေတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

နောက်ဆုံးအချက် အဖြစ် ဂါးလက်စ် က မီဒီယာတွေနဲ့ ကစားသမားတွေကို တုန့်ပြန်ပုံ အပေါ်ထောက်ပြတဲ့ အနေနဲ့ ” ပိုချက်တီနိုဟာ မီဒီယာတွေကို ဒီထက် ပြတ်ပြတ်သားသား တုန့်ပြန်နိုင်ဖို့ လိုသလား ? ပိုချက်တီနိုဟာ လိုက်လျောညီထွေပဲ နေတတ်တဲ့သူပါ ။ သူဟာ အသင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရဖို့ပဲ ကြိုးစားတတ်ပါတယ် ။ ”

 

” ဘောလုံးလောကဟာ ပြောင်းလဲလာပါပြီ ။ ကစားသမားတွေနဲ့ ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ ၊ ချုပ်ခြယ်တတ်တဲ့ နည်းပြက ခုခေတ်မှာ ရှားလာပါပြီ ။ ပိုချက်တီနိုဟာ ကစားသမားတွေ မပျော်ရွှင်မှာ ကြောက်ပါတယ် ။ သူပြောတာ မှန်နေရင်တောင် ကစားသမားတွေက လက်ခံချင်မှ လက်ခံပါမယ် ။ ဒါက မီဒီယာတွေပေါ်မှာ ပေါ်ပေါက်လာတတ်ပြီး ၊ သူတို့ကို စိတ်ဝမ်းကွဲမှု ဖြစ်စေနိုင်ပါတယ် ။ ”

” ခင်ဗျားမှာ အသက်ငယ်ရွယ်တဲ့ ကစားသမား အများကြီး ရှိနေတဲ့အခါ ခင်ဗျား အနေနဲ့ သတိထားဖို့ လိုပါမယ် ။ ဘာလို့လဲဆိုတော့ သူတို့က ခင်ဗျား အတွက် မကစားပေးတော့ဘူးဆိုရင် ခင်ဗျား အတွက် ပြဿနာ ဖြစ်လာနိုင်လို့ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR