အခက်အခဲ အမျိုးမျိုး ကြုံတွေ့ထားရလို့ ဝမ်းနည်းနေတဲ့ ချဲလ်ဆီး စတားရဲ့ အမည်ကို ထုတ်ဖော်လာတဲ့ ပိုချက်တီနို

 

ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် အတွင်း ဆောက်သမ်တန်ကနေ ချဲလ်ဆီးသို့ ပေါင် ၅၈သန်းနဲ့ ရောက်ရှိလာတဲ့ ဘယ်လ်ဂျီယမ် ကြယ်ပွင့် ကွင်းလယ်လူ ရိုမီယို လာဗီယာဟာ လက်ရှိ ရထားတဲ့ ဒဏ်ရာကြောင့် ရာသီကုန်တဲ့ အထိ အနားယူရတော့မှာ ဖြစ်ကြောင်း တမြန်နေ့ကပဲ ကလပ်ဖက်က တရားဝင် Statement ထုတ်ပြန်ခဲ့ပါတယ် ။

အသက် ၂၀နှစ် အရွယ်သာ ရှိသေးတဲ့ လာဗီယာဟာ ချဲလ်ဆီးကို ပြောင်းမလာခင် ကတည်းက ဆောက်သမ်တန်မှာ ဒဏ်ရာ ရနေခဲ့တာ ဖြစ်ပြီး ၊ တရာသီလုံး အခြားသော ဒဏ်ရာ ၊ ကြံ့ခိုင်မှု ပြဿနာ များစွာနဲ့ လုံးပန်းခဲ့ရတာကြောင့် အခုအချိန်အထိ ပွဲထွက်ခွင့် မရထားသေးပါဘူး ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက လာဗီယာဟာ စရောက်ကတည်းက ကြုံနေရတဲ့ အခက်အခဲတွေကြောင့် ဝမ်းနည်းနေကြောင်း ဖွင့်ဟရင်း ၊ ယင်းဘယ်ဂျီယမ်သား နောက်ရာသီ မစတင်မီ ဒဏ်ရာက ပြန်ကောင်းလာဖို့ ၄င်းတို့ဖက်က ကြိုးပမ်းသွားမယ်လို့ ထုတ်ပြောလာပါတယ် ။

ပိုချက်တီနို က ” ဒါက သူ့အတွက် အမှန်တကယ် ခက်ခဲတဲ့ အနေအထား တရပ်ပါပဲ ။ သူ ဝမ်းနည်းနေပါတယ် ။ သူ မပျော်ရွှင်နေပါဘူး ။ ဘာလို့လဲဆိုတော့ တရာသီလုံးမှာ သူဟာ မိနစ် ၃၀ပဲ ကစားခွင့် ရခဲ့လို့ပါ ။ အသင်းသစ် တသင်းဆီ ရောက်လာတဲ့ ကစားသမားသစ် တယောက် အဖို့ ဒါက တခါတလေ ကြုံရနိုင်တဲ့ အရာ တခုပါပဲ ။ ”

” ကလပ်ဖက်က သူ့ကို ခေါ်ယူခဲ့တုန်းက သူဟာ ဆောက်သမ်တန်မှာကတည်းက ဒဏ်ရာ ပြဿနာတွေ ရှိခဲ့တာပါ ။ အစောပိုင်း လအနည်းငယ်ကြာ သူ ကျွန်တော်တို့နဲ့ မလေ့ကျင့်နိုင်ခဲ့ပါဘူး ။ ဒဏ်ရာက ပြန်ကောင်းလာဖို့ စတင်ပြင်ဆင်တဲ့အခါ သူ့ခြေထောက်မှာ ပြဿနာ တခု ကြုံခဲ့ပြန်ပါတယ် ။ ”

” နောက်တကြိမ် သူ နာလန်ပြန်ထူလာတော့ ၊ သူ မိနစ် ၃၀ ကစားပေးပြီး ဒဏ်ရာ ထပ်ရခဲ့ပြန်ပါတယ် ။ ဒီဇင်ဘာကနေ စပြီး ကျွန်တော်တို့မှာ သူနဲ့ အတူ လေ့ကျင့်ဖို့ အခွင့်အရေးကို မရခဲ့တာပါ ။ ဘာလို့လဲဆိုတော့ သူဟာ ဘယ်တော့မှ ပြည့်ပြည့်ဝဝ ပြန်မကောင်းလာသလို ၊ ပြန်ကောင်းလာဖို့ နီးစပ်တာမျိုး မရှိခဲ့လို့ပါ ။ ”

” ဒီဇင်ဘာ နောက်ပိုင်း သူ ကျွန်တော်တို့နဲ့ အတူ မလေ့ကျင့်နိုင်ခဲ့တာက တကယ် ဝမ်းနည်းစရာပါပဲ ။ အခု ဒဏ်ရာက သူ စရောက်တဲ့ အချိန်တုန်းကနဲ့ ကွဲပြားပါတယ် ။ ကျွန်တော်လည်း ဆရာဝန် တယောက် မဟုတ်တာကြောင့် ဒီအကြောင်း ရှင်းပြဖို့ ခက်ပါတယ် ။ ”

” ၉လအတွင်း သူ ကျွန်တော်တို့နဲ့ ထရိန်နင် ဆင်းနိုင်ခဲ့တာဟာ ရက်သတ္တပတ် အနည်းငယ်ပဲ ရှိပါတယ် ။ စရောက်ကတည်းက သူ ကောင်းကောင်းမလေ့ကျင့်နိုင်တဲ့ အဓိက အကြောင်းအရင်းဟာ ကလပ်က သူ့ကို စခေါ်ကတည်းက ဒဏ်ရာ ရနေခဲ့ခြင်းပါပဲ ။ ”

” အဲဒီနောက် သူ ပြန်လေ့ကျင့်နိုင်ခဲ့ပေမယ့် ၊ ခြေထောက်မှာ အနည်းငယ် ထိခိုက်မိခဲ့ပါတယ် ။ နောက်တော့ သူ ထရ်ိန်နင် ပြန်ဆင်းနိုင်ခဲ့လို့ ဝုလ်ဗ်နဲ့ ပွဲက လူစာရင်းမှာ စတင် ပါဝင်နိုင်ခဲ့ပေမယ့် ၊ မကစားပေးနိုင်ခဲ့ပါဘူး ။ နောက်တော့ ခရစ်စတယ် ပဲလေ့စ်နဲ့ ပွဲမှာ သူ စတင် ကစားခဲ့ပေမယ့် ၊ ပေါင်ခြံမှာ ဒဏ်ရာ ရခဲ့ပါတယ် ။ ”

” နောက်ပိုင်းမှာ သူဟာ ကျွန်တော်တို့နဲ့ ထရိန်နင် ဆင်းဖို့ အခွင့်အရေး လုံးဝ မရခဲ့ပါဘူး ။ သူ ဝမ်းနည်းနေပါတယ် ။ ဒါက ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေ တရပ် မဟုတ်ဘူးလားဗျာ ။ ပိုပြီး စိတ်ဓာတ်ခိုင်မာစွာနဲ့ သူ ပြန်လာနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ သေချာတာကတော့ သူ ပိုကောင်းတဲ့ ပုံစံနဲ့ ပြန်လာဖို့ ၊ ရာသီကြို ကာလ အမှီ ပြန်ကစားနိုင်ဖို့ ကျွန်တော်တို့ဟာ ကူညီပေးမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR