ချဲလ်ဆီး – အာဆင်နယ် လန်ဒန်ဒါဘီ ပွဲအပေါ် သုံးသပ်သွားတဲ့ ပေါလ်မာဆင်

မနက်ဖြန်ညမှာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည် စတင် ယှဉ်ပြိုင်ဖို့ ရှိပြီး ၊ လီဗာပူး – အဲဗာတန် မာဆေးဆိုက်ဒ် ဒါဘီ အပြင် ချဲလ်ဆီး – အာဆင်နယ် လန်ဒန်ဒါဘီကလည်း ဘောလုံး ပရိသတ်တွေကို စောင့်ကြိုလျက်ရှိပါတယ် ။

နောက်ဆုံး ၃ပွဲဆက် အနိုင်ရကာ ၊ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကာစ ပြုနေတဲ့ ချဲလ်ဆီး အတွက် လက်ရှိ ချန်ပီယံ မန်စီးတီးကို အနိုင်ယူပြီး စိတ်ဓာတ် တက်နေတဲ့ အမှတ်ပေးဇယား ဒုတိယ နေရာ အာဆင်နယ်ကို ရင်ဆိုင်ရမှာက ကြီးမားတဲ့ စိန်ခေါ်မှု ၊ စမ်းသပ်မှုလည်း ဖြစ်နေပါတယ် ။

နိုင်ငံတကာ ပွဲကာလ စစချင်း ကစားမယ့်ပွဲ ဖြစ်တာမို့ အသင်းတိုင်းက အနိုင်ရလဒ်နဲ့ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ အလိုရှိနေကြမှာ သေချာပါတယ် ။ အထူးသဖြင့် ချဲလ်ဆီး အဖို့ လာမယ့် ပရီးမီးယားလိဂ် ၆ပွဲ၊ ၇ပွဲခန့်ဟာ ပွဲကြပ်တွေ ဖြစ်နေတာမို့ ရနိုင်သလောက် ရမှတ်တွေ စုဆောင်းသွားဖို့ အရေးကြီးနေပါတယ် ။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်ကတော့ ချဲလ်ဆီးဟာ အသင်းကြီးတွေနဲ့ ကစားတဲ့အခါ ပိုကောင်းတတ်ပြီး ၊ ပြိုင်ဖက်တွေရဲ့ တိုက်စစ်အသာပေး ကစားဟန်က ၄င်းတို့ကို တန်ပြန်တိုက်စစ်ဆင်ဖို့ အခွင့်အရေးပေးတတ်ကြောင်း သုံးသပ်ရင်း ၊ အာဆင်နယ်ကိုတော့ ဒီပွဲမှာ အနိုင်ရခဲ့ရင် ချန်ပီယံဆု အတွက် အဓိက စိန်ခေါ်မယ့် အသင်း အဖြစ် သတ်မှတ်ရမှာ ဖြစ်ကြောင်း ဆိုပါတယ် ။

Sky Sports နဲ့ တွေ့ဆုံခဲ့ရာမှာ မာဆင် က ” ချဲလ်ဆီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ဘန်လေနဲ့ ပွဲမှာ ကြီးကျယ်တဲ့ ရလဒ် တခု ရရှိခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ရှေ့မှာ မယုံနိုင်ဖွယ် ခက်ခဲနေတဲ့ ပွဲစဉ် တချို့ စောင့်ကြိုနေပါတယ် ။ ဒီပွဲစဉ်တွေကနေ လုံလောက်တဲ့ ရမှတ်တွေ စုဆောင်းနိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ပြိုင်ဖက်တွေ အတွက် အန္တရာယ် တရပ် ဖြစ်လာနိုင်ပြီး ၊ ( Top 4 အတွက် ) အခွင့်အရေး တခု ရလာမယ် ဆိုတာ ခင်ဗျား ပြောရပါလိမ့်မယ် ။ ”

” သူတို့ဟာ အသင်းငယ်တွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်ပြီး ၊ အိမ်ကွင်းထက် အဝေးကွင်း ပွဲတွေမှာ ပိုကောင်းတယ် ဆိုတာ ကျွန်တော် တောက်လျှောက် ပြောခဲ့ဖူးပါတယ် ။ ဘာလို့လဲ ဆိုတော့ အဝေးကွင်းပွဲတွေမှာ အိမ်ရှင် အသင်းတွေဟာ တိုက်စစ်ဖွင့်ဆော့ရတတ်တာကြောင့် သူတို့ဟာ ကိုယ့်မှာရှိနေတဲ့ အပြေးနှုန်းတွေနဲ့ တန်ပြန်တိုက်စစ် ဆော့နိုင်တာမို့ပါ ။ ”

” ဒါပေမယ့် ပြိုင်ဖက်က ခံစစ်မှာ ၁၀ယောက်လောက် ပိတ်ဆော့နေရင်တော့ သူတို့ မဖြိုခွင်းနိုင်ပါဘူး ။ ဒီတပတ်မှာ အာဆင်နယ်ဟာ စတမ်းဖို့ဒ်ဘရစ်ခ်ျကို လာပြီး ၊ ဖွင့်ဆော့မှာပါ ။ ဒီတော့ ဒီပွဲက စိတ်ဝင်စားစရာကောင်းပါလိမ့်မယ် ။ ပိုကောင်းတဲ့ အသင်းတွေနဲ့ တွေ့ရင် ၊ ဥပမာ – လီဗာပူးဆို ဖွင့်ကစားခဲ့ပြီး ၊ ဒီလိုပွဲမျိုးတွေမှာ ချဲလ်ဆီးဟာ ကစားပုံကောင်းခဲ့ပါတယ် ။ ”
” လက်ရှိ ချဲလ်ဆီး ရပ်တည်နေတဲ့ နေရာကို ကြည့်ရင် ၊ ပြိုင်ဖက် အသင်းတွေဟာ သူတို့ကို ဖွင့်ဆော့ရဲမှာ မဟုတ်ပါဘူး ။ ဘာလို့လဲဆိုတော့ မှော်ဝင် ခြေစွမ်းမျိုး ရနေတဲ့ နေ့မျိုးမှာဆို သူတို့ဟာ ဘယ်အသင်းမဆို ယှဉ်ပြိုင် အနိုင်ယူနိုင်စွမ်း ရှိလို့ပါ ။ ဘန်လေနဲ့ ပွဲမှာ ရာဟင်း စတာလင်ရဲ့ ကစားပုံဆို သူ့ကို ဘယ်သူမှ လိုက်တားနိုင်စွမ်း မရှိတဲ့ပုံပါပဲ ။ ”

” မော်ရစ်စီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးဟာ နိုင်ပွဲနဲ့ ပြန်လည် စတင်နိုင်ပေမယ့် ၊ ဒါဟာ အာဆင်နယ် အတွက်လည်း ကြီးမားတဲ့ ပွဲတပွဲ ဖြစ်နေပါတယ် ။ ဒါဟာ သူတို့ အတွက် မှတ်ကျောက်တိုင် တခု စိုက်ထူဖို့ နောက်ထပ် အခွင့်အရေး တရပ်လည်း ဖြစ်ပါတယ် ။ ဒီပွဲကို သူတို့ အနိုင်ရခဲ့ရင် အာဆင်နယ်ကို ချန်ပီယံဆု အတွက် အဓိက ပြိုင်ဆိုင်မယ့်သူတွေ အဖြစ် ကျွန်တော် မှတ်ယူမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR