လူကာကူရဲ့ တန်ကြေး ၊ လက်ရွေးစင် အသင်းမှ စတား ၂ဦးရဲ့ အဝင်အထွက်နဲ့ နောက်ဆုံးရ ချဲလ်ဆီး သတင်းများ

 

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ စျေးကွက် ပိတ်သိမ်းခါနီးက ရိုးမား အသင်းသို့ တရာသီ အငှားထွက်ခွင့် ပေးခဲ့တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူ အတွက် တန်ကြေး သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း နာမည်ကြီး အပြောင်းအရွှေ့ ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ် ။

အသက် ၃၀နှစ် အရွယ်ရှိ လူကာကူ အတွက် ချဲလ်ဆီးဟာ ပေါင် ၃၇သန်း ဝန်းကျင် အနိမ့်ဆုံး အလိုရှိနေပြီး ၊ နောက်နှစ် နွေရာသီ စျေးကွက် အတွင်း ယင်းတန်ကြေးနဲ့ ကမ်းလှမ်းတဲ့ အသင်း မှန်သမျှကို လက်ခံစဉ်းစားပေးမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ရိုးမားကို အငှားမထွက်ခင် လူကာကူဟာ အင်တာမီလန် ၊ အယ်ဟီလယ်တို့ဆီက အပြီးသတ် ကမ်းလှမ်းမှု ရခဲ့သေးပေမယ့် ၊ ပယ်ချခဲ့ပါတယ် ။

ကနဦးက ပြင်သစ် လက်ရွေးစင် အသင်းမှာ နယ်သာလန်နဲ့ ယူရိုခြေစစ်ပွဲ ၊ စကော့တလန်နဲ့ ခြေစမ်းပွဲ အတွက် အရွေးခံထားရတဲ့ ချဲလ်ဆီး ခံစစ်မှူး အိတ်ဆဲလ် ဒီဆာဆီဟာ အခုအခါမှာတော့ ဒဏ်ရာ ပြဿနာ တရပ် ကြုံတွေ့နိုင်တဲ့ အလားအလာ ရှိလို့ လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ် ။

တဖက်မှာ ကနဦးက ပြင်သစ် ယူ၂၁ အသင်းမှာ အရွေးခံထားရတဲ့ ချဲလ်ဆီး ညာနောက်ခံလူ မာလို ဂတ်စ်တိုကတော့ လက်ရွေးစင် အဆင့်သို့ ပထမဆုံး အကြိမ် ဆင့်ခေါ် အရွေးခံထားရပါတယ် ။

ပြီးခဲ့တဲ့ အပတ်ကပဲ ဒဏ်ရာရှိလျက်နဲ့ ပါတီပွဲ တက်ခဲ့တဲ့ အင်္ဂလန် ယူ၂၁ တောင်ပံကစားသမား နွန်နီ မက်ဒူးကီကို ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို တယောက် စည်းကမ်းပိုင်းအရ ကြပ်မတ်ဖြေရှင်းမှု လုပ်လိုက်ကြောင်း Caught Offside ရဲ့ အဆို တခု အရ သိရပါတယ် ။

ချဲလ်ဆီးမှာ ၂၀၁၄ ကနေ ၂၀၁၇ အထိ ကစားခဲ့ဖူးတဲ့ ပြင်သစ်ဝါရင့် တိုက်စစ်မှူးဟောင်း လိုရစ် ရမ်မီဟာ လက်ရှိ အသက် ၃၆နှစ် အရွယ် ရှိနေချိန် ၊ မနေ့ကပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝကနေ အနားယူကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဘာမင်ဂမ် အသင်း နည်းပြသစ် ရာထူး အတွက် လျာထားခြင်းခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူးဟောင်း ဝိန်းရူနီဟာ သူ့ရဲ့ နည်းပြ အဖွဲ့မှာ ချဲလ်ဆီး ဂန္တဝင် ဘယ်နောက်ခံလူဟောင်း အက်ရ်ှလေကိုးလ်ကို ထည့်သွင်းနိုင်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ် ။ အက်ရ်ှလေကိုးလ်ဟာ လက်ရှိ အင်္ဂလန် ယူ၂၁ အသင်းမှာ လက်ထောက် နည်းပြ တဦး အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ် ။

ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာဟာ စီးရီးအေ ကလပ် ၂သင်း ဖြစ်တဲ့ နာပိုလီနဲ့ အူးဒီးနိစ် အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိကြောင်း အီတလီ သတင်းအရင်းအမြစ် တချို့ရဲ့ အဆို အရ သိရပါတယ် ။ အထူးသဖြင့် နာပိုလီဟာ တမြန်နေ့က ကစားခဲ့တဲ့ စီးရီးအေပွဲမှာ ဖီအိုရင်တီးနားကို အိမ်ကွင်းမှာ ၁ – ၃ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် လက်ရှိ နည်းပြ ရူဒီ ဂါစီယာကို ဖယ်ရှားဖို့ သတင်းတွေ ထွက်လာပါတယ် ။

ပေါ်တာကတော့ သိပ်မကြာသေးခင်ကမှ လိုင်ယွန် အသင်းထံမှ နည်းပြသစ် ရာထူး ချဉ်းကပ်မှု ရခဲ့ဖူးပေမယ့် ဥရောပ သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ ကလပ် တသင်းသင်းကိုသာ ကိုင်တွယ်လိုနေပါတယ် ။

SPORTS MYANMAR