ဗန်ဒိုက်ဟာ မန်ယူနိုက်တက် ဂန္တ၀င်ထက် အများကြီးပိုကောင်းတဲ့သူလို့ ဆိုလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက ဗာဂျယ်ဗန်ဒိုက်ဟာ ဒီရာသီမှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက်ပြီး လီဗာပူးစတားဟာ မန်ယူနိုက်တက် ဟီးရိုးဖြစ်သူ နီမန်ဂျာဗီဒစ်ထက် အများကြီး ပိုကောင်းတဲ့သူ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးဟာ ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ သရေကျခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

ဗန်ဒိုက်ကလည်း ခံစစ်ပိုင်းမှာ ရုန်းကန်နေရတာကို မြင်တွေ့နေရပြီး သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် ရှာဖွေနေရပါတယ်။ ကာရေဂါက ဗန်ဒိုက်ဟာ ဒီရာသီ ပုံစံကောင်း ပျောက်နေတယ်လို့ လက်ခံခဲ့ပေမယ့်လည်း ၎င်းဟာ ပြီးခဲ့တဲ့ရာသီတွေက ဘယ်လောက်တောင် ကောင်းခဲ့သလဲဆိုတာ မေ့မထားသင့်ဘူးလို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြီး အင်္ဂလန် နောက်ခံလူဟောင်းက ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ဒီဘရိုင်းနားနဲ့ တန်းတူ ရပ်တည်နေခဲ့သူလို့ ထောက်ခံလိုက်ပြီး ယူနိုက်တက် ဗဟိုနောက်ခံလူဟောင်း ဗီဒစ်ထက် အများကြီးကို ပိုကောင်းတဲ့ ကစားသမား ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ကာရေဂါက “ဗာဂျယ်ဗန်ဒိုက်ဟာ ဗီဒစ်ထက် အများကြီးကို ပိုကောင်းပါတယ်။ ဗီဒစ်ဟာ ထိပ်တန်း ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း တောရက်စ်ရဲ့ ရင်ဆိုင်ကစားရမှာ သူ့ရဲ့ performance ဘယ်လို ဖြစ်ခဲ့သလဲဆိုတာ ခင်ဗျားတို့ မေ့သွားပြီလား? ရီယိုဖာဒီနန် နဲ့ ဂွန်တယ်ရီ တို့လည်း သူတို့ရဲ့ ကစားသမား ဘ၀မှာ အခြား ကစားသမားတွေ လိုပဲ poor season တွေကို ပိုင်ဆိုင်ခဲ့ကြဖူးပါတယ်။ ဗန်ဒိုက် ကလည်း ဒီရာသီမှာ ဒီလိုပဲ ဖြစ်နေတာပါ။” လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဆက်လက်ပြီး ကာရေဂါက “ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘယ်နောက်ခံလူမှ ဗန်ဒိုက် လိုမျိုး အသင်းတစ်သင်း အပေါ် ကြီးမားတဲ့ သက်ရောက်မှု ပေးနိုင်ခဲ့တာမျိုး မရှိခဲ့ပါဘူး။ သူဟာ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ဗဟို နောက်ခံလူပဲ မဟုတ်ပါဘူး။ သူဟာ ဒီရာသီ မတိုင်မီ ကယ်ဗင်ဒီဘရိုင်းနား နဲ့အတူ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ရပ်တည်နေခဲ့သူ ဖြစ်ပါတယ်။

အခြား ဗဟိုနောက်ခံလူတွေ အနေနဲ့ လိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားလို့ ပြောခံခဲ့ရဖူးတာ မရှိခဲ့ပါဘူး။ ဒါကို ကြည့်လိုက်မယ် ဆိုရင် ဗန်ဒိုက်ဟာ ဘယ်လောက် မြင့်မားတဲ့ level ကို ရောက်ခဲ့သလဲ ဆိုတာ သိနိုင်ပါတယ်။”

ဗီဒစ်ရဲ့ ယှဉ်ပြောမှု အပေါ် သဘောမတွေ့ ဖြစ်နေတဲ့သူ တစ်ဦးရဲ့ မေးခွန်းထုတ်မှုကို ကာရေဂါက “အကယ်လို့များ ခင်ဗျားပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အခြားသူ တစ်ယောက်ယောက် ကပဲ ဖြစ်ဖြစ် ဗီဒစ်ဟာ ဗန်ဒိုက်ထက် ပိုကောင်းတယ်လို့ ယူဆနေမယ် ဆိုရင် ခင်ဗျားဟာ မတူညီတဲ့ အားကစားကို ကြည့်နေတာပဲ ဖြစ်မှာပါ။ ဗန်ဒိုက်ဟာ အပြတ်အသတ်ကို ပိုကောင်းပါတယ်။ Passing ၊ လျှင်မြန်မှု ၊ အမြင့်ဘော ၊ 1v1 defending ၊ သပ်ရပ်စွာ ကစားနိုင်မှု ၊ တည်ငြိမ်မှု…စသဖြင့်ပေါ့။” လို့ တုန့်ပြန်လိုက်ပါတယ်။

SM