ဘိုအာ့စ်ကို ရောက်ရောက်ချင်းမှာပဲ သူ ပညာပေးခဲ့တဲ့ အခိုက်အတန့် တရပ် အကြောင်း ပြန်ပြောင်းပြောပြလာတဲ့ တယ်ရီ

 

၂၀၁၁ နွေရာသီမှာ ချဲလ်ဆီး အသင်းဟာ တက်သစ်စ မန်နေဂျာဟောင်း တဦး ဖြစ်တဲ့ အန်ဒရေ ဗီလာဘိုအာ့စ်ကို ၄င်းတို့ရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီး ၊ ယင်းပေါ်တူဂီသားဟာ ချဲလ်ဆီး သမိုင်းတလျှောက် အဆိုးရွားဆုံး နည်းပြ တဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ် ။

ဘိုအာ့စ်ဟာ ပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ခ်ျရဲ့ အဆိုးရွားဆုံး နည်းပြ ခေါ်ယူမှုလို့ သတ်မှတ်ရမှာ ဖြစ်ပြီး ၊ ၄င်းရဲ့ လက်ထက်မှာ ချဲလ်ဆီး စီနီယာ ကစားသမားတွေ ကြီးကြီးမားမား ခွဲခြား ဆက်ဆံခံခဲ့ရကာ ၊ အဆုံးမှာတော့ ဒီစီနီယာတွေကပဲ ၄င်းကို ပါဝါ ပြန်ပြခဲ့တာကြောင့် ရာသီတဝက်လောက်မှာပဲ အထုတ်ခံခဲ့ရပါတယ် ။

ဘိုအာ့စ် လက်အောက်မှာ ကစားခဲ့ဖူးတဲ့ ချဲလ်ဆီး ဂန္တဝင် ခံစစ်မှူးဟောင်း ဂျွန်တယ်ရီက ဘိုအာ့စ်ဟာ ချဲလ်ဆီးသို့ စရောက်ရောက်ချင်း အခိုက်အတန့်မှာပဲ စီနီယာ ကစားသမားတွေထံက ရိုသေလေးစားမှု မရခဲ့ကြောင်းနဲ့ ၄င်းအနေနဲ့ ဘိုအာ့စ်ကို ဘယ်လို ပညာပေးခဲ့တဲ့ အကြောင်း အခုလိုပဲ ပြန်ပြောင်းပြောပြလာပါတယ် ။

Simon Jordan Podcast နဲ့ တွေ့ဆုံရာမှာ တယ်ရီ က ” ( ချဲလ်ဆီးမှာ ) ကစားသမားတွေရဲ့ ပါဝါက အရမ်း ကြီးမားလွန်းခဲ့တယ် ဆိုတဲ့ ကောလဟလ များစွာ ထွက်ပေါ်ဖူးပါတယ် ။ ဒါက တကယ်တမ်း လုံးဝ မဟုတ်ခဲ့ပါဘူး ။ ကျွန်တော် အဲဒီမှာ ကစားခဲ့တုန်းကဆို မန်နေဂျာတွေက အဓိက ဦးဆောင်ခဲ့ရတာပါ ။ ဒီတော့ မော်ရင်ညိုက အသင်းကို ဦးစည်းဦးဆောင်ခဲ့တာပေါ့ ။ ”

” ဒါတွေရဲ့ အထက်မှာ ရိုမန် အေဘရာမိုဗစ်ခ်ျပဲ ရှိခဲ့ပါတယ် ။ ကျွန်တော်တို့ ကစားသမား အစုအဖွဲ့ အတွက်တော့ ရှင်းပါတယ် ။ အဝတ်လဲခန်းမှာ ကျွန်တော် ၊ Lamps ( လမ်းပတ် ) ၊ ဒီဒီယာ ( ဒရော့ဘာ ) နဲ့ တခြား စီနီယာ ကစားသမားတွေက ထိန်းချုပ်ဖို့ တာဝန်ရှိခဲ့ပါတယ် ။ ဒါက ရှင်းပြီးသားပါ ။ ”

” AVB ( ဘိုအာ့စ် ) လည်း ရောက်လာရော ။ ကျွန်တော် ခင်ဗျားကို ဇာတ်လမ်း အတိုချုပ်လေး တခု ပြောချင်ပါတယ် ။ ကျွန်တော်တို့ ဟောင်ကောင်ကို ရာသီကြို ခရီးစဉ် ထွက်ခဲ့ရတုန်းကပေါ့ ။ သူက ပထမ မန်နေဂျာ ဖြစ်ခဲ့ပြီး ၊ ကျွန်တော်တို့ လေယာဉ်ပေါ် တက်တဲ့အခါ ၊ ကျွန်တော်ဟာ ၁၃နာရီ ကြာအောင် Economy Class မှာ စီးခဲ့ရပါတယ် ။ ”

” ပထမတန်း ခုံတွေမှာ ဂျော့ရှ် မက်အက်ခရန် ၊ နသန်နီယယ် ချာလိုဘာနဲ့ တခြားသော လူငယ် ကစားသမား တချို့ ထိုင်ခဲ့ကြပါတယ် ။ ဒါဟာ AVB ရဲ့ မူတခုပေါ့ ။ ဘယ်ကစားသမားကမှ သူ့ထက် ပိုပြီး မကြီးကျယ်ဘူး ၊ အားလုံးက တူတူပဲ ဆိုတဲ့ အကြောင်း ပြသချင်ခဲ့တာပါ ။ ”

” ကျွန်တော် လေယာဉ်ပေါ်လည်း ရောက်ရော ၊ Lamps က အသွားကို ပထမတန်းခုံကနေ စီးခဲ့ရပြီး ၊ ကျွန်တော်ကျ အပြန်ကို ပထမတန်းခုံနဲ့ ပြန်ခွင့်ရခဲ့ပါတယ် ။ ဒီတော့ အသွားမှာ ခင်ဗျား Economy Class နဲ့ စီးခဲ့ရတာပေါ့ဗျာ ။ ဒါပေမယ့် ဒီလို လုပ်တာက ဘာအတွက်မှ မကောင်းခဲ့ပါဘူး ။ ”

” ဒီတော့ အပြန် လေယာဉ် မထွက်ခင် ကျွန်တော် လေယာဉ်ပေါ် တက်ပြီး ‘ အသင်းကို တည်ဆောက်ပေးထားတဲ့ စီနီယာ ကစားသမားတွေ ပထမတန်းခုံကို သွား ၊ ဒီလူငယ် ကစားသမားတွေ Economy Class ကို ဆင်းပြီး မစီးမချင်း ငါတို့ ဒီနေ့ ဘယ်မှ သွားမှာ မဟုတ်ဘူး ‘ လို့ ပြောခဲ့ပါတယ် ။ နောက်တော့ ကျွန်တော်တို့ အားလုံး လေယာဉ်ပေါ် တက်ရတဲ့အခါ နေရာ ထိုင်ခုံ အတက်အဆင်း အပြောင်းအလဲ လုပ်ခဲ့ကြပါတယ် ။ ”

” အဲဒီမှာ AVB လည်း လေယာဉ်ပေါ် တက်လာရော ‘ ဘာတွေ ဖြစ်နေကြတာလဲ ‘ လို့ မေးလိုက်ပါတယ် ။ ကျွန်တော်ကလည်း ‘ လူငယ် ကစားသမားတွေ နေရာ မဖယ်မချင်း ငါတို့ ဘယ်မှ မသွားဘူး ‘ လို့ ပြန်ဖြေလိုက်ပါတယ် ။ ချာတိတ်လေးတွေကို ဒီမှာ ချီးကျူးရပါမယ် ။ သူတို့ကလည်း ‘ နားထောင် ၊ JT ရေ ၊ ကျွန်တော်တို့လည်း ဒီပထမတန်းခုံတွေမှာ ထိုင်ရတာ စိတ်မသန့်ကြပါဘူး ။ ကျွန်တော်တို့ နောက်ပြန်ဆင်းပေးပါ့မယ် ‘ လို့ ပြောကြပါတယ် ။ ”

” အဲဒီမှာ ကျွန်တော်ကလည်း ‘ မဟုတ်ဘူး ၊ ဒါ မင်းတို့ရဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူး ။ သူ ( ဘိုအာ့စ် ) တာဝန်ယူရမယ့် ဆုံးဖြတ်ချက် ‘ လို့ ပြောလိုက်ပါတယ် ။ ဒါဟာ လူတိုင်းရဲ့ ရှေ့မှာ သူ ကျရှုံးခဲ့ရတဲ့ ပထမဆုံးသော အရာတွေထဲက တခုပါပဲ ။ အဆုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ် ။ စီနီယာ ကစားသမားတွေက ပထမတန်းခုံပေါ် ပြန်ရောက်သွားပြီး ၊ လူငယ်တွေက Economy Class မှာ ပြန်ထိုင်ခဲ့ကြပါတယ် ။ ဒီလိုမျိုးပဲ ဖြစ်သင့်တာပါ ။ ”

” ဒီချာတိတ်လေးတွေဟာ ကျွန်တော်တို့ ရရှိထားတဲ့ အနေအထားမျိုး ပိုင်ဆိုင်ဖို့ကို ဆာလောင်နေကြတာပါ ။ ဒါကို သူက စရောက်တဲ့ ပထမဆုံးနေ့ကနေ Statement တခု အနေနဲ့ ထုတ်ပြဖို့ ကြိုးစားခဲ့ပေမယ့် ၊ ချက်ချင်း ကျရှုံးခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ အဲဒီ လေယာဉ်က ဘယ်လိုမှ ထွက်ခွာခဲ့မှာ မဟုတ်ဘူး ဆိုတာ ကျွန်တော် ခင်ဗျားကို ကတိပေးရဲလို့ပါ ။ အကယ်၍ ထွက်ခဲ့ရင်တောင် ကျွန်တော် ၊ ဖရန့်နဲ့ ဒီဒီယာ မပါပဲ ထွက်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR