ဗီလာ – ချဲလ်ဆီး ပွဲအပေါ် ပြတ်ပြတ်သားသား ခန့်မှန်းသွားတဲ့ အီယန်ရိုက်

 

ချဲလ်ဆီး အသင်းဟာ မနက်ဖြန်ည ပရီးမီးယားလိဂ်ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် တနေရာ သေချာဖို့ ကြိုးစားနေတဲ့ အက်စ်တွန် ဗီလာ အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ၊ ဒါဟာ ၄င်းတို့ ရာသီအကုန်မှာ ဥရောပ ဝင်ခွင့် တနေရာ စွမ်းဆောင်သွားနိုင်မလား ဆိုတာ မေးခွန်းထုတ်သွားမယ့် ပွဲလည်း ဖြစ်ပါတယ် ။

ဒီပွဲမတိုင်ခင် ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ဆင်နွှဲခဲ့ရပြီး ၊ အမ်းမရိတ်စ်မှာ အရှက်တကွဲ ၅ – ၀ အရှုံးရလဒ်နဲ့ ပြန်လာခဲ့ရပါတယ် ။ ရလဒ်ပိုင်း သာမက ခြေစွမ်းပိုင်းမှာလည်း ပရိသတ်တွေ မျှော်မှန်းထားသလို ဒါဘီပွဲတွေရဲ့ သဘောသဘာဝ အတိုင်း ချဲလ်ဆီး အသင်းသားတွေ ဘာမှလုပ်မပြနိုင်ခဲ့ပါဘူး ။

ယူရိုပါလိဂ် ဝင်ခွင့် မျှော်မှန်းချင်တယ်ဆိုရင် ချဲလ်ဆီးတို့ ဗီလာနဲ့ ပွဲမှာ သရေတောင် ကျလို့ မဖြစ်တော့တဲ့ အနေအထားမှာ ရှိနေပြီး ၊ နည်းပြ ဖြစ်သူ မော်ရစ်စီယို ပိုချက်တီနိုဟာလည်း လက်ရှိ အချိန်အထိ ပိုင်ရှင်တွေရဲ့ ထောက်ခံမှု ရထားသည့်တိုင် ၊ လက်ကျန် ပွဲစဉ်တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ မပြနိုင်ရင်တော့ ၄င်းရဲ့ အနာဂတ်လည်း ခပ်လှုပ်လှုပ် ဖြစ်လာနိုင်ပါတယ် ။

အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် တယောက် အူကျဝေဒနာကို ခွဲစိတ်မှု ခံယူမှာ ဖြစ်လို့ ဒဏ်ရာ ပြဿနာ တသီတတန်းကြီး ရှိနေတဲ့ ချဲလ်ဆီး အတွက် ဒါဟာ ထိုးနှက်ချက် တရပ် ဖြစ်ပေမယ့် ၊ အဖျားဝေဒနာ ခံစားခဲ့ရတဲ့ ကိုးလ်ပါလ်မာ ပြန်လည် သက်သာလာတာတော့ သတင်းကောင်းလို့ ဆိုရမှာ ဖြစ်ပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ချဲလ်ဆီးဟာ ကိုးလ်ပါလ်မာ ပါခဲ့ရင်တောင် ဗီလာက သေချာပေါက် နိုင်မယ့် အကြောင်း Sky Sports ရဲ့ Stick to Football အစီအစဉ်မှာ အခုလိုပဲ ပြတ်ပြတ်သားသား ခန့်မှန်းသွားပါတယ် ။

ရိုက် က ” ဗီလာပါပဲ ။ ချဲလ်ဆီးကို ဗီလာ သေချာပေါက် အနိုင်ရမှာပါ ။ အထူးသဖြင့် ကိုးလ်ပါလ်မာ မကစားနိုင်ရင်ပေါ့ ။ ရှေ့တရက်က ကျွန်တော်တို့ မြင်ခဲ့ရတာကိုပဲ ကြည့်ပါဦး ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တဖက်မှာတော့ တခြားသော Pundit တွေ ဖြစ်ကြတဲ့ ရွိုင်ကိန်းနဲ့ ဂျေးလ်စကော့တို့က ချဲလ်ဆီးဟာ ထိုပွဲကို ၃ – ၁ နဲ့ ရှုံးမယ်လို့ ခန့်မှန်းခဲ့ကြပါတယ် ။

ဒီအပေါ် မယုံနိုင် ဖြစ်ခဲ့တဲ့ အီယန်ရိုက် က ” ခင်ဗျားတို့ ချဲလ်ဆီးကို တဂိုး ရဖို့တောင် ခန့်မှန်းပေးကြတယ်လား ။ ကိုးလ်ပါလ်မာသာ မရှိရင် ဘယ်သူက အဲဒီ တဂိုးကို သွင်းပေးမှာလဲ ? ” လို့ တုန့်ပြန်ခဲ့ပါတယ် ။

ချဲလ်ဆီးဟာ ပါလ်မာ မပါတဲ့ ရှားရှားပါးပါး ပွဲစဉ် တပွဲမှာပဲ အာဆင်နယ်ကို စုတ်ပြတ်သပ်စွာနဲ့ ရှုံးခဲ့တာကြောင့် ပါလ်မာကို အားကိုးတဲ့ အသင်းလားလို့ ဝေဖန်မှုတွေလည်း များစွာ ထွက်ပေါ်နေပါတယ် ။ ပါလ်မာ မရှိချိန် အထောင်တိုက်စစ်က နီကိုးလက်စ် ဂျက်ဆင် ၊ တောင်ပံက မစ်ခ်ဟိုင်းလို မူဒရစ် ၊ နွန်နီ မက်ဒူးကီတို့ဟာ ပရီးမီးယားလိဂ် အဆင့် လုံးဝ မရှိနေတာကို တွေ့ရပါတယ် ။

အထူးသဖြင့် ဂျက်ဆင်နဲ့ မက်ဒူးကီတို့ဟာ ရှေ့တပတ်က အဲဗာတန်နဲ့ ပွဲမှာ ပါလ်မာထံကနေ ပင်နယ်တီ လုကန်ဖို့ ကြိုးပမ်းခဲ့ကြပြီး ၊ တကယ့် အကျဉ်းအကြပ် အနေအထားမှာ အသင်း အတွက် ဘာတခုမှ မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး ။ ၄င်းတို့ ၂ဦး အပေါ်လည်း အီယန်ရိုက်က အခုလို ဝေဖန်ခဲ့ပါသေးတယ် ။

ရိုက် က ” သူတို့ ၂ယောက်ဟာ အဲဗာတန်နဲ့ ပွဲက ပင်နယ်တီ လုကန်ခဲ့သလိုမျိုး အာဆင်နယ်နဲ့ ပွဲမှာ ဘာဆာလောင်မှုမှ မပြခဲ့ကြပါဘူး ။ သူတို့ကို ခင်ဗျား အမှန်တကယ် အလိုရှိတဲ့ အချိန်ဆို သူတို့ ပေါ်မလာကြတော့ပါဘူး ။ သူတို့ဟာ ကိုယ် ဘာချင်လဲ ဆိုတာ တိတိကျကျ သိကြတဲ့ပုံ မပေါ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR