လီဗာပူး နဲ့ ပွဲအပြီး ရှာကာ အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ

လီဗာပူး အသင်းကို ၂ ဂိုးပြတ် ဦးဆောင်နေရာကနေ ဂိုး ၂ ဂိုး ပြန်ပေးလိုက်ရတဲ့ ပွဲအပြီးမှာ အာဆင်နယ် အသင်း ရဲ့ ကွင်းလယ်လူ ရှာကာ အပေါ် ဝေဖန်မှုတွေ မြင့်တက်လို့ နေပါတယ် ။ အာဆင်နယ် အသင်း ပထမပိုင်းမှာ မာတင်နယ်လီ ၊ ဂျေးဇု တို့ရဲ့ သွင်းဂိုးတွေ နဲ့ ပွဲကို ဦးဆောင် နေချိန်မှာ ရှာကာ နှင့် အာနိုး တို့ နှစ်ဦး အချင်းများခဲ့ကြတာပါ ။

အဆိုပါ ဖြစ်ရပ်ကြောင့် နှစ်ဦးစလုံး အဝါကဒ် ကိုယ်စီ ပြခံခဲ့ရပြီး တိတ်ဆိတ်နေတဲ့ အိမ်ကွင်း ပရိသတ်တွေရဲ့ အော်ဟစ် အားပေးသံတွေဟာလည်း ဆူညံသွားခဲ့ပါတယ် ။ အဲ့ဒီနောက်မှာ ဆာလာ ရဲ့ သွင်းဂိုးကြောင့် လီဗာပူး အသင်း ပထမပိုင်း မပြီးခင်မှာ ချေပဂိုး တစ်ဂိုး ပြန်လည် ရရှိ သွားခဲ့ပါတယ် ။

ဒုတိယပိုင်းမှာတော့ လီဗာပူး အသင်းဟာ တစ်ဖက်သတ် ပွဲကို ဖိကစားသွားခဲ့ပြီး အခွင့်အရေးတွေ အမြောက်အများ ရရှိ ခဲ့ပါတယ် ။ ဆာလာ ရဲ့ ပင်နယ်တီ လွဲချော်မှု ၊ ရမ်စ်ဒေးလ် ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့်သာ အာဆင်နယ် အသင်း ဖာမီနို ရဲ့ သွင်းဂိုး တစ်ဂိုးပဲ ထပ်မံ ခွင့်ပြု ခဲ့ရပြီး သရေ ၁မှတ် ရခဲ့တာပါ ။

ပွဲအပြီးမှာတော့ လီဗာပူး အသင်း ရဲ့ နောက်ခံလူဟောင်းကာရေဂါ က အာနိုးနဲ့ အချင်းများခဲ့တဲ့ ရှာကာ ရဲ့ လုပ်ရပ်ဟာ အဆင်အခြင်မဲ့လွန်းပြီး မိုက်ရူးရဲဆန်လွန်းတယ်လို့ဝေဖန် ခဲ့ပြီး ဂယ်ရီနဗီးလ် ကလည်း ရှာကာ ဟာ တိတ်ဆိတ်နေတဲ့ အိမ်ကွင်း ပရိသတ်တွေကို လှုပ်နိုးလိုက်တာ ဖြစ်ကြောင်း ဝေဖန် ပြောကြား ခဲ့ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ရှာကာ ရဲ့ လုပ်ရပ်ဟာ comeback ပေးလိုက်ရတာနဲ့ မသက်ဆိုင်ကြောင်း ဖြေရှင်း သွားခဲ့ပါတယ် ။ ” အဲ့ဒီ ဖြစ်ရပ်က ပွဲရလဒ် နဲ့ သက်ဆိုင်သလားတော့ ကျနော်လည်း မသိပါဘူး ။ အဲ့ဒီ ဖြစ်ရပ်ပြီးနောက် ကျနော်တို့ အပိုင်အခွင့်အရေး တစ်ကြိမ် ထပ်ရခဲ့ပါတယ် ၊ ကျနော်တို့သာ ၃-၀ နဲ့ ဦးဆောင်နိုင်လိုက်ရင် ပရိသတ်တွေ အဲ့ဒီလောက် စိတ်လှုပ်ရှား အော်ဟစ်ကြမှာ မဟုတ်ပါဘူး ။ ”

” ဒါပေမယ့် သူတို့ ချေပဂိုး တစ်ဂိုး ရသွားတော့ ပွဲ အရှိန်အဟုန် ပြောင်းလဲ သွားခဲ့ပြီး သူတို့ အတွက် မျှော်လင့်ချက် ရှိသွားခဲ့ပါတယ် ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကျနော်တို့ ဒီထက် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ် ၊ ဒါက သင်ခန်းစာပါပဲ ။ ”

” ဘာကို သင်ခန်းစာယူရမလဲ ဆိုရင် ဒုတိယပိုင်းမှာ ပထမပိုင်းအတိုင်း လိုက်ကစား နိုင်ဖို့ ၊ ကျနော်တို့ရဲ့ ပုံစံ ကစားပုံအတိုင်း ကစားနိုင်ဖို့ လိုတယ် ဆိုတာကိုပါ ။ ကျနော်တို့သာ ကျနော်တို့ ပုံစံ အတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် နိုင်ပွဲတွေ အမြောက်အများ ရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM