ဒီမတ်တီယိုလို အခွင့်အရေးမျိုး သူရနိုင်မလားဆိုတဲ့ အမေး အပေါ် တုန့်ပြန် ဖြေကြားလာတဲ့ ဖရန့် လမ်းပတ်

ချဲလ်ဆီး အသင်းဟာ မနေ့ကပဲ ဒီရာသီ စတုတ္တမြောက် မန်နေဂျာ ခန့်အပ်မှု အဖြစ် ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ၊ မန်နေဂျာဟောင်း ဖရန့် လမ်းပတ်ကို ရာသီကုန်ထိ တရားဝင် တာဝန်ပေးလိုက်ပါတယ် ။ လမ်းပတ်ဟာ ချဲလ်ဆီးနဲ့ ၂လတာ ကာလ အတွက် သဘောတူညီမှု ရအပြီး ၊ တရားဝင် ကြေညာအပြီးမှာ သတင်းစာရှင်းလင်းပွဲ တန်းလုပ်ခဲ့ပါတယ် ။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ လမ်းပတ် အတွက် မေးခွန်းများစွာ ရှိတဲ့ အထဲမှ ဒါဟာ ူသူ့အဖို့ ရာသီကုန် အထိ caretaker မန်နေဂျာ ဖြစ်သွားရုံသက်သက်ပဲလား ဆိုတဲ့ အမေးက ထိပ်ဆုံးကနေ ပါဝင်နေပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး လမ်းပတ်က အခုလို ဖြေကြားထားပါတယ် ။

လမ်းပတ် က ” အဲလိုကြီးတော့ မပြောထားပါဘူး ။ ဒါပေမယ့် လက်ရှိ ရာထူးနဲ့ ကလပ်ဖက်က မျှော်မှန်းချက်တွေ အရ ကျွန်တော်ဟာ ဒီရေတိုကာလ အတွက် ဒီကို ရောက်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်ဟာ ဘာကိုမှ ထပ်တိုးပြီး မျှော်လင့်နေမှာ မဟုတ်ပါဘူး ။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကျွန်တော် လုပ်ပေးသွားပါမယ် ။ ပြီးမှ ဘာတွေ ဆက်ဖြစ်မလဲ စောင့်ကြည့်ကြတာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ယာယီ မန်နေဂျာတွေနဲ့ဆို ချဲလ်ဆီးတို့ တခုခု လုပ်ပြနိုင်တဲ့ မှတ်တမ်းကောင်း အချို့ ရှိခဲ့ဖူးပြီး ၊ အထင်ကရကတော့ ၂၀၁၂ ချန်ပီယံလိဂ်ဖလား ဗိုလ်စွဲခဲ့ခြင်း ဖြစ်ပါတယ် ။ ထိုစဉ်က ချဲလ်ဆီးဟာ အန်ဒရေ ဗီလာဘိုအာ့စ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး ၊ ကလပ် ဂန္တဝင် ကွင်းလယ်လူဟောင်း ရော်ဘတ်တို ဒီမတ်တီယိုနဲ့ ရာသီကုန်တဲ့ အထိ ခရီးဆက်ခဲ့ပါတယ် ။

ကံကောင်းခဲ့တယ်ပဲပြောပြော ၊ သူ့ရဲ့ ဖြစ်တည်မှုက ချဲလ်ဆီး အသင်းသားတွေကို စိတ်ဓာတ် တက်ကြွစေခဲ့တယ်ပဲပြောပြော အဆုံးမှာ ယင်းအီတာလျံဟာ ချဲလ်ဆီးကို အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးပေးနိုင်ခဲ့ပါတယ် ။ ဒီအကျိုးဆက်ကြောင့် ၄င်းဟာ နောက်တရာသီမှာ အမြဲတမ်း မန်နေဂျာ ရာထူးကို ခံစားခွင့်ရခဲ့ပါတယ် ။

အခုတခါမှာလည်း ချဲလ်ဆီးဟာ ပြည်တွင်း ပရီးမီးယားလိဂ်မှာ အခြေအနေ အတော်ဆိုးနေပေမယ့် ၊ ချန်ပီယံလိဂ်မှာ ဒဏ္ဍာရီဆန်ဆန် လုပ်ပြခွင့် ရှိနေသေးတာကြောင့် လမ်းပတ်သာ ဒီအခွင့်အရေးကို ဆုတ်ကိုင်နိုင်ခဲ့ရင် ၊ ဒုတိယ ဒီမတ်တီယို ဖြစ်လာမလား ဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါတယ် ။

ဒါနဲ့ ပတ်သက်ပြီး လမ်းပတ် က ” အခုအချိန်မှာ အရင်က အခိုက်အတန့်တွေ အကြောင်း ပြောဖို့ ထိုက်တန်တယ်လို့ ကျွန်တော် မထင်ပါဘူး ။ ရော်ဘတ်တိုဟာ အံ့သြဖွယ် လုပ်ပြခဲ့ပြီး ၊ အသင်းမှာ ဆက်နေခွင့်ရခဲ့ပါတယ် ။ ဒါက ချဲလ်ဆီး သမိုင်းကြောင်းရဲ့ မတူညီတဲ့ တစိတ်တဒေသ ဖြစ်ပါတယ် ။ ”

” ရိုးရိုးရှင်းရှင်း ပြောရရင် ဒါက ကျွန်တော့ဖက်က ချရမယ့် ဆုံးဖြတ်ချက် မဟုတ်ပါဘူး ။ ဒီတော့ အဲဒီအထိကြီးလည်း ခုန်ပြီး ကျွန်တော် မသွားချင်ပါဘူး ။ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ မေးခွန်း တသီတတန်းကြီး မေးခံထိလောက်မယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ် ။ ကျွန်တော်ဟာ မျက်စိအစုံ ဖွင့်ထားပြီး ၊ ဒီမေးခွန်းမျိုးတွေကို မျှော်မှန်းထားပါတယ် ။ ”

” ကျွန်တော့ အတွက် အရေးကြီးတာက ဒီအကြောင်း ခဏ ဘေးဖယ်ပြီး ၊ လက်ရှိ ကျွန်တော့ လက်ထဲမှာ ရှိနေတဲ့ အလုပ် အပေါ်မှာပဲ အာရုံစိုက်ဖို့ ဖြစ်ပါတယ် ။ ကျွန်တော်ဟာ ကိုယ့်ရဲ့ နည်းပြ အဖွဲ့ ၊ ဒီက ကစားသမားတွေနဲ့ အတူ လက်တွဲ အလုပ်လုပ်ဖို့ အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ”

” ပြီးခဲ့တဲ့ အင်္ဂါနေ့က ပွဲကို ကျွန်တော် လာကြည့်ခဲ့ပါတယ် ။ ဒီအသင်းမှာ အရည်အသွေးကောင်း အများကြီး ရှိနေတယ် ဆိုတာ ကျွန်တော် သိပါတယ် ။ အင်္ဂါနေ့က ပွဲမှာ ကစားခဲ့တဲ့ ကစားသမားတွေကိုပဲ ကျွန်တော် ပြောနေတာ မဟုတ်ပါဘူး ။ ယေဘူယျခြုံပြောနေတာပါ ။ ဒီအရည်အချင်းရှိ ကစားသမားတွေနဲ့ အလုပ်တွဲလုပ်ဖို့ ၊ သူတို့ကို ကူညီပေးဖို့ ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR