အာဆင်နယ်နဲ့ လန်ဒန်ဒါဘီမှာ အရှက်တကွဲ ရှုံးနိမ့်အပြီး ချဲလ်ဆီး ပရိသတ်တွေထံ တောင်းပန်စကား ဆိုလာတဲ့ ပိုချက်တီနို

 

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲမှာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ် အသင်းကို အမ်းမရိတ်စ်မှာ အတော် ရှက်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့ အတူ ၅ဂိုးပြတ် ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ် ။

ဒဏ်ရာ ပြဿနာ များစွာ ရှိနေတာ မှန်ပေမယ့် ၊ ချဲလ်ဆီးဟာ ဒီပွဲမှာ ပရိသတ်တွေ ကျေနပ်လောက်မယ့် ခြေစွမ်း ၊ ကြိုးစားအားထုတ်မှုမျိုးနဲ့ ဘယ်လိုမှ မနီးစပ်ခဲ့ပါဘူး ။ ဒါ့အပြင် ခံစစ် အမှားတွေကလည်း အဆင့်အတန်း အတော်နိမ့်ကျတဲ့ အမှားမျိုးတွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ် ။

ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ Talksport သတင်းဌာနနဲ့ တွေ့ဆုံရာမှာ ဒီလို အရှက်ရဖွယ် အရှုံးရလဒ် အတွက် သူ ပရိသတ်တွေကို တောင်းပန်ကြောင်းနဲ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း ၁၅မိနစ် အတွင်း စွမ်းဆောင်ရည်က လက်ခံနိုင်စရာ မရှိကြောင်း ဖွင့်ဟလာပါတယ် ။

ပိုချက်တီနို က ” ဒါက ရှင်းပြရခက်ပါတယ် ။ ကျွန်တော်တို့ဟာ ပထမပိုင်းကို အတော်လေး ဆိုးရွားတဲ့ ပုံစံနဲ့ စတင်ခဲ့ပါတယ် ။ ဘာကြိုးစားအားထုတ်မှုမှ မပြနိုင်ခဲ့သလို ၊ ကျွန်တော်တို့မှာ ပြိုင်ဆိုင်လိုစိတ် ကင်းမဲ့ခဲ့ပါတယ် ။ ဒုတိယပိုင်းကိုလည်း ဒီအတိုင်းပဲ ကျွန်တော်တို့ စတင်ခဲ့ပြန်ပါတယ် ။ ”

” ပထမပိုင်းအပြီး အဝတ်လဲခန်းထဲမှာ ဒီအခြေအနေကို ပြုပြင်ဖို့ အကြီးအကျယ် ဆွေးနွေးခဲ့ပေမယ့် ၊ ဒုတိယပိုင်း ပြန်အစမှာပဲ အာဆင်နယ်က လွယ်လွယ်ကူကူပဲ ဦးဆောင်ဂိုး ၂ဂိုး ထပ်သွင်းသွားခဲ့ပြန်ပါတယ် ။ ကျွန်တော်တို့ဟာ အသင်း တသင်းလို မပြိုင်ဆိုင်နိုင်ခဲ့ပါဘူး ။ ဒါက ရှင်းလင်းလွန်းပါတယ် ။ ”

” ကျွန်တော်တို့ဟာ မတူညီတဲ့ အကြောင်းပြချက်တွေကြောင့် တည်ငြိမ်မှု မရှိနေပါဘူး ။ ကျွန်တော်တို့ ပွဲစတဲ့ ပုံစံကိုက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတာပါ ။ ဒါက ပြဿနာပါပဲ ။ မိနစ် ၇၀ ၊ ၈၀ နောက်ပိုင်း ဒီလိုမျိုး ဖြစ်တယ် ၊ ပင်ပန်းလို့ ၊ ခွန်အားတွေ မရှိတော့လို့ ဆိုရင် လက်ခံလို့ ရပါသေးတယ် ။ ဒါပေမယ့် ဒါက ပွဲအစကြီးပါ ။ ”

” ကျွန်တော်တို့ရဲ့ ပွဲစတင်ပုံက တကယ်ကို နာကျင်ဖွယ်ကောင်းပါတယ် ။ ကျွန်တော် အရမ်း စ်ိတ်ပျက်မိပါတယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သာ တကယ်တမ်း အဲဒီကို သွားပြီး ဘောလုံး ကစားချင်တယ်ဆိုရင် အခုထက် ပိုပြီး ခွန်အားစိုက်ထုတ်ဖို့ ၊ အာရုံစူးစိုက်ဖို့ လိုအပ်ခဲ့လို့ပါ ။ ဒါက ရှင်းပြရ အခက်ဆုံးပါပဲ ။ ”

” ဒီရှုံးပွဲဟာ ကစားသမားတွေ ၊ ကလပ် ၊ နည်းပြ အဖွဲ့နဲ့ အရာရာတိုင်းကို အထိနာစေပါတယ် ။ လူတိုင်းဟာ ဒီရလဒ် အပြီး နာကျင်ခံစားခဲ့ကြပါတယ် ။ ဒါပေမယ့် ပြဿနာက ပွဲမစခင် ကြိုတင် ပြင်ဆင်နေတဲ့ နေရာမှာ အခြေအနေကို နားလည်သိနေဖို့ ဖြစ်ပါတယ် ။ ခင်ဗျားသာ ဒီပွဲကို ပြိုင်ဆိုင်မှု ပြင်းထန်ချင်တယ်ဆိုရင် ဒါက လန်ဒန်ဒါဘီ ဆိုတာ သဘောပေါက်ဖို့ လိုပါတယ် ။ ”

” ကျွန်တော့ဖက်က ဒီရလဒ်အပြီး ပြောနိုင်တာက ပရိသတ်တွေကို တောင်းပန်ပါတယ် ဆိုတာပါပဲ ။ ဘာလို့လဲဆိုတော့ ပထမပိုင်း ၁၅မိနစ်နဲ့ ဒုတိယပိုင်း ၁၅မိနစ်တွေမှာ ကျွန်တော်တို့ မပြိုင်ဆိုင်နိုင်ခဲ့လို့ပါ ။ ကျွန်တော်တို့ အရမ်း ပျော့ညံ့ခဲ့ပြီး ၊ ဒါက နာကျင်စရာ ကောင်းလွန်းပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR