ပိုချက်တီနိုကို ချဲလ်ဆီးတို့ ဘာကြောင့် ထုတ်လို့ မရသေးလဲ ဆိုတာ ရှင်းလင်းသုံးသပ်လာတဲ့ ရီယိုဖာဒီနန်

 

ချဲလ်ဆီး အသင်းဟာ တမြန်နေ့ညက အာဆင်နယ်နဲ့ လန်ဒန်ဒါဘီ ဂိုးပြတ်ရှုံးပွဲအပြီး ယူရိုပါလိဂ် ဝင်ခွင့် တနေရာမှာ ရပ်တည်နေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ တပွဲလျော့ ၆မှတ်အကွာ ပြန်ဝေးသွားခဲ့တာကြောင့် ရာသီသိမ်း လှပချင်တယ်ဆိုရင် လက်ကျန်ပွဲတွေမှာ ခြေချော်လက်ချော် လုံးဝ ဖြစ်ခွင့် မရှိတော့ပါဘူး ။

ဒါ့အပြင် ထိုရှုံးပွဲအပြီး ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနို အပေါ် ချဲလ်ဆီး ပရိသတ်တွေရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသလောက် ဖြစ်လာပြီး ၊ ၄င်းကို ရာသီကုန်မှာ ထုတ်ပယ်ဖို့ကို တောင်းဆိုနေကြတာ တွေ့ရပါတယ် ။

ချဲလ်ဆီး ဘုတ်အဖွဲ့ဟာ လက်ရှိမှာ ပိုချက်တီနိုကို ထုတ်ပယ်ဖို့ အစီအစဉ် မရှိသေးပေမယ့် ၊ ပိုင်ရှင်သစ်တွေ လက်ထက် ၂နှစ်ဆက် ဖလားလက်မဲ့ ဖြစ်ခြင်းနဲ့ ၊ အဆင့် ထွေထွေထူးထူး တက်မလာခြင်းကိုတော့ လက်ခံဖို့ ခဲယဉ်းမှာ သေချာပါတယ် ။

မီဒီယာအထက်မှာတော့ ချဲလ်ဆီးဟာ စပို့တင်းလစ္စဘွန်း နည်းပြ ရူဘင် အမော်ရင်နဲ့ ကောလဟလတချို့ ထွက်ထားပြီး ၊ ပိုချက်တီနိုကိုသာ ရာထူးက ဖယ်ရှားဖြစ်ခဲ့မယ်ဆိုရင် ၄င်းဟာ ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးထဲ ပါဝင်လာဖွယ် ရှိပါတယ် ။

သို့ပေမယ့် ပိုချက်တီနို အနေနဲ့ လက်ကျန်ပွဲတွေမှာ ရာထူး အဖတ်တင် ကျန်ရစ်နိုင်ဖို့ လုပ်ဆောင်ခွင့် ကြိုးစားခွင့် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ် ။ မန်ယူနိုက်တက် ဂန္တဝင် ခံစစ်မှူးဟောင်း ရီယိုဖာဒီနန်ကတော့ ချဲလ်ဆီး အနေနဲ့ ပိုချက်တီနိုကို ဘာကြောင့် ထုတ်မရသေးလဲ ဆိုတာ အခုလိုပဲ သုံးသပ်သွားပါတယ် ။

TNT Sports နဲ့ တွေ့ဆုံရာမှာ ဖာဒီနန် က ” ကျွန်တော် ပြောလိုတာက ခင်ဗျားဟာ ဒီမန်နေဂျာ အတွက် ပေါင်တဘီလီယံကျော် သုံးစွဲထားပြီးမှ သူ့ကို ထုတ်ပစ်လိုက်လို့ မရဘူး ဆိုတာပါပဲ ။ လာမယ့် နွေရာသီ အတွင်း သူတို့ရဲ့ မန်နေဂျာ ရာထူး ကိုင်တွယ်ပုံ အနေအထား ဘယ်လို ရှိလာမလဲ ဆိုတာ ကျွန်တော် အမှန်တကယ် စိတ်ဝင်စားမိပါတယ် ။ ”

” မော်ရစ်စီယို ပိုချက်တီနိုဟာ ရာသီကုန်မှာသာ ပြောခွင့်ဆိုခွင့်ရလာရင် ၊ သူပြောမယ့် အရာတွေထဲက တခုက ‘ ခင်ဗျားတို့ ဘာတွေ မျှော်မှန်းနေကြတာလဲ ? ဒါက အသက်အငယ်ဆုံး ကစားသမားစာရင်းတွေထဲက တခုပဲလေ ၊ ကျွန်တော် အလားအလာကောင်းများစွာကို ရင်းနှီးမြှုပ်နှံထားတာ ၊ ချက်ချင်းကြီးတော့ နေရာတိုင်းမှာ ထုတ်ကုန်အသစ်တွေ ရလာမှာ မဟုတ်ဘူးလေ ‘ ဆိုတာပါပဲ ။ ”

” ကျွန်တော်တို့ ဒီမတိုင်ခင်က ဆွေးနွေးခဲ့ကြပါသေးတယ် ။ ဘယ်မှာလဲ အတွေ့အကြုံက ? ပွဲတပွဲရဲ့ ကျောက်ဆောင် ကျော်ရမယ့် အခိုက်အတန့်မှာဆို ဘယ်မှာလဲ လူငယ်တွေကို ဆွဲခေါ်သွားမယ့် အတွေ့အကြုံရှိ ကစားသမားတွေ ။ ”

” အတွေ့အကြုံ အရှိဆုံး အဓိက တယောက် ဆိုတဲ့ သီယာဂို ဆေးလ်ဗားက အရန်ခုံမှာလေ ။ ဒါပေမယ့် သူက ၃၈နှစ် ရှိပြီ ။ သူတို့ အနေနဲ့ နောက်ထပ် အတွေ့အကြုံရင့်တွေ ထပ်ခေါ်ဖို့ လိုပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR