ချဲလ်ဆီး စတား တဦးဟာ လီဗာပူး ကစားသမားတွေကို ရှော့ခ်ရအောင် လုပ်ပြခဲ့တယ်လို့ သုံးသပ်လိုက်တဲ့ ကာရေဂါ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၄င်းတို့လိုပဲ ရလဒ် ခြေစွမ်း မတည်မငြိမ် ဖြစ်နေတဲ့ လီဗာပူး အသင်းကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ခြေစွမ်းအသာ ၊ အခွင့်အရေး အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့လို့ သရေတမှတ် ခွဲဝေပေးခဲ့ရပါတယ် ။

ဒီပွဲမှာ ဒဏ်ရာကြောင့် ၇လဝန်းကျင် အနားယူခဲ့ရတဲ့ ပြင်သစ် ဝါရင့်ကွင်းလယ်လူ အန်ဂိုလို ကန်တေ ပထမဆုံး အကြိမ် ပွဲထွက်ပါဝင် ကစားပေးခဲ့ပြီး ၊ ပွဲချိန်ပြည့် မပါဝင်ပေးနိုင်ခဲ့ပေမယ့် ၊ Man of the Match ဆုနဲ့ ထိုက်တန်လောက်တဲ့ ခြေစွမ်းမျိုး ပြသသွားခဲ့ပါတယ် ။

ကန်တေဟာ ချဲလ်ဆီးတို့ ကွင်းလယ်မှာ လိုလားတောင့်တနေတာ ကြာပြီဖြစ်တဲ့ လုပ်အား ၊ အပြေးအားနဲ့ ဘောလုံး ပေးပို့နိုင်စွမ်းတွေကို ပိုမြှင့်တင်ပေးခဲ့ပြီး ၊ ဂိုးရစေမယ့် ဖန်တီးမှု ၁ကြိမ် ၊ ၂ကြိမ် စွမ်းဆောင်ပေးခဲ့ပါတယ် ။ ကြံ့ခိုင်မှု အနေအထား မပြည့်သေးလို့သာ ပွဲချိန် ၆၈မိနစ်မှာ ကော်နာ ဂေါ်လဂါနဲ့ လူစားလဲခံခဲ့ရပါတယ် ။

လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါက လီဗာပူး ကစားသမား တချို့ဟာ ကန်တေရဲ့ အရည်အသွေးကို မေ့လျော့နေကြပြီး ၊ ယင်းပြင်သစ်သားက သူ ဘာလုပ်နိုင်လဲ ဆိုတာ လီဗာပူး စတား တချို့ ရှော့ခ်ရအောင် ပြသခဲ့ကြောင်း သုံးသပ်သွားပါတယ် ။

ပွဲပြီး Sky Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာ ကာရေဂါ က ” အန်ဂိုလို ကန်တေဟာ ဘယ်သူလဲ ၊ သူဟာ ဘယ်လောက်တော်တဲ့ ကစားသမား ဖြစ်သလဲ ဆိုတာ တချို့သော လီဗာပူး ကစားသမားတွေ မေ့လုနီးနီး ဖြစ်ခဲ့ပုံပါ ။ ခင်ဗျားဟာ ကြံ့ခိုင်မှု အပိုင်းအရ သူ့ထက် ပိုသာကြောင်း ၊ သူ့ကို ကျော်ဖြတ်ပြေးနိုင်စွမ်း ရှိကြောင်း ပြသလို့ မရပါဘူး ။ ”

” တကယ်ဆို ခင်ဗျားဟာ သူနဲ့ ဝေးဝေးမှာပဲ နေရပါမယ် ။ လီဗာပူး ကစားသမားတွေ ၂ကြိမ် ၊ ၃ကြိမ်လောက် သူ့ကို ကျော်ဖြတ်ပြဖို့ ကြိုးစားခဲ့ကြပါတယ် ။ သူဟာ ဒဏ်ရာကြောင့် မကစားတာ တော်တော်လေး ကြာခဲ့တာကြောင့် လီဗာပူး ကစားသမား တချို့ဟာ အန်ဂိုလို ကန်တေ အကြောင်း မေ့နေကြတဲ့ပုံ ပေါ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ချဲလ်ဆီး အမျိုးသမီး ကွင်းလယ်လူဟောင်း ကယ်ရန် ကာနီကလည်း ကန်တေရဲ့ စွမ်းဆောင်ရည် အပေါ် ချီးကျူးတဲ့ အနေနဲ့ ” သူ ဒီပွဲမှာ ခြေစွမ်း ပြခဲ့တယ်လို့ ကျွန်မ ထင်ပါတယ် ။ သူဟာ ချဲလ်ဆီး ကွင်းလယ်ကို ပိုတည်ငြိမ်စေပြီး ၊ ယုံကြည်မှု အနည်းငယ် ပိုမြင့်တက်စေခဲ့ပါတယ် ။ အန်ဇို ( ဖာနန်ဒက်ဇ် ) လည်း သူနဲ့ အတူ တွဲဖက်ပြီး ခြေစွမ်းပြနိုင်ခဲ့တယ်လို့ ထင်ပါတယ် ။ ဒီအတွဲဟာ တိုက်စစ် ၊ ခံစစ် အတော်လေး လိုက်နိုင်ပါတယ် ။ ”

” မကြာခင်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ကန်တေ ပြန်ကောင်းလာတာက ချဲလ်ဆီး အတွက် ချိန်သားကိုက် ဖြစ်ပါတယ် ။ ဒါဟာ အမှန်တကယ် အပေါင်းလက္ခဏာ ဆောင်တဲ့ ပြန်လာခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဒါ့အပြင် ချဲလ်ဆီး ယာယီ နည်းပြ ဘရူနို ဆော်လ်တာကလည်း ကန်တေ ကောင်းကြောင်း အခုလိုပဲ ချီးမွမ်းပြောဆိုသွားပါတယ် ။

ဆော်လ်တာ က ” အန်ဂိုလို ကန်တေဟာ အံ့သြဖွယ်ကောင်းပါတယ် ။ သူ့ရဲ့ စွမ်းဆောင်ရည်က လုံးဝ ပြောင်မြောက်ခဲ့ပါတယ် ။ သူဟာ အလုပ်နဲ့ သက်သေပြတဲ့ ခေါင်းဆောင် တဦး ဖြစ်ပါတယ် ။ ဒီအသင်း အတွက် သူ ယူဆောင်ပေးလာတဲ့ ဘောလုံးစွမ်းရည်နဲ့ ဦးဆောင်နိုင်စွမ်း က ထူးချွန်ပါတယ် ။ သူ့ကို ပြန်ရလိုက်တာက ကြီးမားတဲ့ အပေါင်းလက္ခဏာဆောင်ခြင်းပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR