ဂရေဟမ် ပေါ်တာ အထုတ်ခံခဲ့ရပြီးနောက် ချဲလ်ဆီး စတား တဦး အပေါ် ထိုးနှက် တိုက်ခိုက်သွားတဲ့ အီယန်ရိုက်

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ စနေနေ့က အက်စတွန် ဗီလာကို ၀ – ၂ ရလဒ်နဲ့ ရှုံးခဲ့အပြီး ၊ စက်တင်ဘာလကမှ လက်တွဲခဲ့တဲ့ နည်းပြ ဂရေဟမ် ပေါ်တာ အပေါ် ဆက်လက် စိတ်ရှည် သည်းခံနိုင်ခြင်း မရှိတော့ပဲ ရာထူးကနေ တရားဝင် ဖယ်ရှားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။

လောလောဆယ်မှာ ချဲလ်ဆီးဟာ နည်းပြသစ် တဦး မခန့်နိုင်မချင်း ဂရေဟမ် ပေါ်တာရဲ့ လက်ထောက် နည်းပြ တဦး ဖြစ်တဲ့ ဘရူနို ဆော်လ်တာကို ယာယီ နည်းပြအဖြစ် တာဝန်ယူထားစေမှာ ဖြစ်ပြီး ၊ ဒါက အနည်းဆုံး ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မတိုင်ခင် အထိ ကြာလောက်တယ်လို့ ယူဆချက်တွေလည်း ရှိနေပါတယ် ။

ဂရေဟမ် ပေါ်တာ ထွက်သွားအပြီးမှာ ချဲလ်ဆီး အသင်းသားတွေဟာ ဘရူနို ဆော်လ်တာနဲ့ အတူ လေ့ကျင့်ရေး အစီအစဉ် တကြိမ် ဖြတ်သန်းထားကာ ၊ ယနေ့ညမှာ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲကို ကစားကြမှာ ဖြစ်ပါတယ် ။ ကစားသမားတွေ အတွက်က ယာယီ နည်းပြ ဖြစ်စေကာမူ ၊ သုညက ပြန်စရမှာ ဖြစ်လို့ အားလုံး အကြိတ်အနယ် ကြိုးစားကြမယ်လို့ မျှော်လင့်ရပါတယ် ။

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးဟောင်း အီယန်ရိုက်ကတော့ ပိုင်ရှင်သစ် တော့ဒ်ဘိုလီ လက်ထက် ချဲလ်ဆီးရဲ့ စာချုပ်ချုပ်ဆိုမှု ပေါ်လစီကို ဝေဖန်သွားခဲ့ကာ ၊ ရှက်တာဒိုးနက်စ်ကနေ ယူရိုသန်း ၇၀နဲ့ ရောက်လာတဲ့ ယူကရိန်း စတား မစ်ခ်ဟိုင်းလို မူဒရစ်ကိုလည်း စာချုပ်ရှည် ရှိနေလို့ ဂရေဟမ် ပေါ်တာ အထုတ်ခံရတာတောင် သူ့အနေနဲ့ အဖတ်လုပ် ဂရုစိုက်မယ် မထင်ကြောင်း ထိုးနှက်သွားပါတယ် ။

Premier League Production နဲ့ တွေ့ဆုံခဲ့ရာမှာ ရိုက်က ” သူတို့ဟာ အသစ် ခေါ်ထားတဲ့ ကစားသမားတွေကို ရေရှည် အတွက် ဆိုပြီး ဒီလို ရှည်လျားတဲ့ စာချုပ်တွေ ချုပ်ထားကြပါတယ် ။ အခုလောက်ဆို ကျွန်တော်တို့ဟာ ဒီကစားသမားတွေဆီကနေ အပေါင်းလက္ခဏာ ဆောင်တဲ့ အရာ တခုခု မြင်နေဖို့ ကောင်းပါပြီ ။ ”

” အနာဂတ် ကာလမှာ ဒီကစားသမားတွေဆီက တန်ကြေးနဲ့ ထိုက်တန်တဲ့ ပုံစံကောင်းတွေ မမြင်ရတော့ဘူးဆိုရင် သူတို့ အတွက် ငွေဆုံးဖို့့ပဲ ရှိပါတယ် ။ ဒါက ဘယ်လိုမှ အဓိပ္ပာယ် မရှိပါဘူး ။ ခင်ဗျားဟာ ဒီကစားသမားတွေကို ငွေမက်လုံးပေးပြီး ဒီမှာ လာကစားဖို့ ဆွဲဆောင်ဖို့ ကြိုးစားပါတယ် ။ ”

” ဒီလို ဆွဲဆောင်မှုရဲ့ နောက်ဆက်တွဲ ရလဒ်က ဘာလဲဆိုတော့ ၊ ဥပမာ – မူဒရစ်ကို ခင်ဗျားက တပတ်လုပ်ခ ပေါင်တသောင်းကနေ စပြီး ၊ ၈သောင်း ၊ ၉သောင်း ၊ နောက်ဆုံး မတတ်နိုင်တော့ရင် သူ တောင်းဆိုတဲ့ တသိန်းခွဲ အထိ ခင်ဗျား မက်လုံးပေးမှ ရတဲ့ အနေအထာမျိုး ရောက်ကောင်းရောက်သွားနိုင်ပါတယ် ။ ”

” မက်လုံးပေးချဉ်းကပ်ဖို့ မသင့်တဲ့ ကစားသမား တဦး အတွက် ခင်ဗျား ပေးတဲ့ အခြေခံလစာက ပေါင်တသိန်း နီးပါးကို ရှိနေပါပြီ ။ သူ့ကို ၃ ၊ ၄နှစ်လောက်ပဲ အရင်စာချုပ်ချုပ်ထားပြီးမှ အသင်းမှာ စသုံးဖို့ ကြိုးစားရပါမယ် ။ လောလောဆယ် ခင်ဗျား သူ့ကို ကြည့်လိုက်ရင် ဂရေဟမ် ပေါ်တာ အထုတ်ခံရတာကို သူ မှုတောင်မှုပါ့မလား ? ”

” လက်ရှိ အသင်းမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာတောင် သူ ဂရုစိုက်မယ့် သဘော ရှိချင်မှ ရှိပါမယ် ။ ဘာလို့လဲဆိုတော့ သူဟာ စာချုပ်အရှည်ကြီး ချုပ်ထားတဲ့အတွက် ဒီမန်နေဂျာ တယောက် ထွက်သွားရင် ၊ နောက်တယောက် ရောက်လာမှာပဲ ဆိုပြီး သဘောထားသလို ဖြစ်နေလို့ပါ ။ ဒီလို စာချုပ်ရှည်တွေက ကစားသမားတွေကို ပေါ့ပေါ့နေလည်း ရတယ် ဆိုတဲ့ ခံယူချက်မျိုး ပေးသလို ဖြစ်နေပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR